မက်ဂွိုင်းယား ရဲ့ ဝက်စ်ဟမ်းသို့ အပြောင်းအရွှေ့ အခုထိ မဖြစ်သေးဘဲ ကြံ့ကြာ နေရတဲ့ အကြောင်းအရင်း

ဝက်စ်ဟမ်းအသင်းဟာ မန်ယူ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယား ကို ခေါ်ယူဖို့ နှစ်သင်းကြား သဘောတူညီမှု ရပြီးပေမယ့် အင်္ဂလန်သား ဆီကနေ တိကျတဲ့ ဆုံးဖြတ်ချက်ရဖို့အတွက် အခုထိ စောင့်နေရဆဲ ဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး မန်ယူ နဲ့ ဝက်စ်ဟမ်းကြားမှာ ပေါင်သန်း ၃၀ ဆိုတဲ့ ပြောင်းရွှေ့ကြေးနဲ့ သဘောတူခဲ့ ပြီဖြစ်ပေမဲ့ ကစားသမား ကိုယ်တိုင်က အသင်းပြောင်းချင်တယ် လက်ခံတယ် ဆိုတဲ့ စကားမျိုး ထုတ်မပြောသေးပါဘူး။

ဒါကြောင့် ဝက်စ်ဟမ်းဘက်က လုပ်စရာရှိတာတွေ ဆက်ပြီး လုပ်ဖို့ စောင့်နေရတယ်လို့ သိရပါတယ်။ နည်းပြ ဒေးဗစ် မိုယက်စ် ဟာ အသက် ၃၀ အရွယ် မက်ဂွိုင်းယားကို လန်ဒန်ကလပ်ဆီ အရောင်းခေါ် ချင်နေပြီဖြစ်ပေမဲ့ ကာယကံရှင် ကစားသမားက အပြောင်းအရွှေ့ကို အထ မြောက်အောင် လုပ်မှာလား၊ မလုပ်ဘူးလားဆိုတဲ့ ဆုံးဖြတ်ချက်ကို စောင့် ဆိုင်းနေရတာပါ။

လက်ရှိအချိန်အထိ မက်ဂွိုင်းယားဟာ မန်ယူကနေ ထွက်သွားမယ်လို့ တစ်ခွန်းမှ မပြောသေးပါဘူး။ လက်စတာ နောက်ခံလူဟောင်းဟာ မန်ယူအသင်းနဲ့အတူ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်နေသေးသူ ဖြစ်ပြီး စာချုပ်ပါ အချက်အလက်အရလည်း နောက်ထပ် ၁၂ လ သက်တမ်း တိုးခွင့် ရှိနေသူပါ။

ဒါကြောင့် အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်ရှိနေမယ်ဆိုရင်လည်း သူ့သဘောအတိုင်းပဲ ဖြစ်မှာပါ။ တကယ်လို့ မန်ယူအနေနဲ့ စာချုပ်ကို ဖျက်ပြီး အတင်းအကျပ် ရောင်းထုတ်မယ်ဆိုရင်တော့ ကစားသမားအတွက် လျော်ကြေးအနေနဲ့ ပေါင် ၁၀ သန်းကျော်နီးပါး ပေးရမှာဖြစ်တယ်လို့ Daily Mail သတင်းစာ အဆို အရ သိရပါတယ်။

ဝက်စ်ဟမ်းနည်းပြ မိုယက်စ် ဟာ ဒီကလန်ရိုက်စ်ကို ပေါင် ၁၀၅ သန်းနဲ့ အာဆင်နယ်ကို ရောင်းထုတ်ပြီး ကတည်းက မက်ဂွိုင်းယားကို ချဉ်းကပ်ခဲ့တာဖြစ်ပြီး ကွင်းလယ်လူ တွမ်မီနေးကိုပါ တစ်ပါတည်းခေါ်ဖို့ ကြိုးစားခဲ့တာပါ။

ဒါပေမဲ့ မန်ယူကတော့ တွမ်မီနေး အတွက် ငြင်းပယ်ခဲ့ပါတယ်။ ဟမ်းမားတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ မက်ဂွိုင်းယားနဲ့ တွမ်မီနေးအတွက် ပေါင်သန်း ၆၀ အထိ ဈေးပေးပြီး ကမ်းလှမ်းခဲ့ပေမဲ့ ယူနိုက်တက်ကတော့ မက်ဂွိုင်းယားကိုသာ ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့ပြီး တွမ်မီနေးနဲ့ပတ်သက်လို့ ငြင်းပယ်ခဲ့တာပါ။