လာမယ့် ဝုဗ်နဲ့ ပွဲမှာ နောက်ဆုံး နှုတ်ဆက်ပွဲ အဖြစ် ပါဝင် ကစားသွားမယ့် မန်ယူ အသင်းသား
လာမယ့် တနင်္ဂလာနေ့ည ဝုဗ်နဲ့ ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းသား တစ်ဦးကတော့ အသင်းပြောင်းခါနီး နောက်ဆုံး နှုတ်ဆက်ပွဲ အဖြစ် ပါဝင် ကစားသွားဖို့ ရှိနေပါတယ်။
ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့ဖို့ သေချာသလောက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်နောက်ခံလူ မက်ဂွိုင်းယားဟာ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် ဝုလ်ဗ်နဲ့ကစားမယ့် အိမ်ကွင်းပွဲမှာ နှုတ်ဆက်ပွဲအဖြစ် ဝင်ကစားမှာ ဖြစ်ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဝက်စ်ဟမ်းအသင်းဟာ မက်ဂွိုင်းယားအတွက် ပေါင်သန်း(၃၀)နဲ့ကမ်းလှမ်းမှုကို ယူနိုက်တက်အသင်းက လက်ခံ လိုက်ပြီဖြစ်ပြီး မကြာခင် တရားဝင်အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ရှိပါတယ်။
ဝက်စ်ဟမ်းအသင်းနည်းပြဒေးဗစ်မွိုက်စ်က “မက်ဂွိုင်းယားရဲ့ အပြောင်းအရွှေ့အတွက် ကျွန်တော်တို့ရဲ့ ကမ်းလှမ်းမှုကို ယူနိုက်တက်အသင်းက လက်ခံလိုက်ပြီဖြစ်ပါတယ်။ အခုလောလောဆယ် မက်ဂွိုင်းယားက ကျွန်တော်တို့ရဲ့ ကစားသမား မဟုတ်သေးတာကြောင့် သူနဲ့ပတ်သက်ပြီး အခုထက် ပိုမပြောချင်ပါဘူး”လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အသက်(၃၀)အရွယ်ရှိပြီဖြစ်သူ မက်ဂွိုင်းယားဟာ ယူနိုက်တက်နဲ့ (၂)နှစ်စာချုပ်သက်တမ်းကျန်ရှိနေပြီး တစ်ပတ်ကို ပေါင်(၁၉၀,၀၀၀)အထိ ရရှိနေတာဖြစ်ပါတယ်။
ဒါပေမဲ့လည်း မက်ဂွိုင်းယားဟာ အဲရစ် တန်ဟက်လက်ထက်မှာ ပုံမှန်ကစားခွင့်ပျောက်ဆုံးနေပြီး ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ (၈)ပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။
မက်ဂွိုင်းယားဟာ ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့ဖြစ်ရင် လစာငွေက ယူနိုက်တက်အသင်းမှာထက် ပိုနည်းဖို့ရှိပြီး တစ်ပတ်ကို ပေါင်(၁၂၀,၀၀၀)သာ ရမယ့် အနေအထားပါပဲ။
ပြီးခဲ့တဲ့လအတွင်း အဲရစ်တန်ဟက်က မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်ရာထူးက ဖယ်ရှားပြီးတော့ ဘရူနိုဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်ခဲ့ပြီးတဲ့နောက် မက်ဂွိုင်းယားရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့ပါတယ်။
မက်ဂွိုင်းယားဟာ ဝက်စ်ဟမ်းအသင်းဆီ ရောက်ဖို့ နီးစပ်နေပြီဖြစ်ပေမယ့် ဝုလ်ဗ်အသင်းနဲ့ပွဲမှာ ပါဝင်ကစားဖို့ရှိနေပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက ဝုလ်ဗ်နဲ့ပွဲကျရင် မက်ဂွိုင်းယား ပါဝင်ကစားဖို့ရှိလားဆိုပြီး မေးမြန်းခဲ့ချိန်မှာ အဲရစ်တန်ဟက်က “သေချာတာပေ့ါ”လို့ ပြန်ဖြေခဲ့ပါတယ်။