တူရကီသို့ သွားနေရင်း မန်ချက်စတာ ယူနိုက်တက်အား နှုတ်ဆက်စကား ဆိုသွားတဲ့ ဖရက်ဒ်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဘရာဇီးလက်ရွေးစင် ကွင်းလယ် ကစားသမားဟာ ဖီနာဘာချီသို့ပြောင်းရွှေ့ရန် ပြင်ဆင်နေချိန်မှာ ယူနိုက်တက်မှာ ရှိခဲ့တဲ့အချိန်က စစ်မှန်တဲ့အိပ်မက်တစ်ခု ဖြစ်ပါတယ်လို့ ဖရက်ဒ်က ပြောကြားခဲ့ပါတယ်။

အသက် ၃၀ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ၂၀၁၈ ခုနှစ်တွင် ရှက်တာဒိုးနက်မှ အိုးထရက်ဖို့ဒ်သို့ပြောင်းရွှေ့ခဲ့ပြီး ကလပ်အတွက် ပွဲပေါင်း ၂၁၃ ပွဲ ကစားခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ဖရက်ဒ် ဟာ ယခုအခါတွင် ကနဦး ယူရို ၁၀ သန်း (ပေါင် ၈.၆ သန်း) ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီး သူ့ရဲ့အပြောင်းအရွှေ့က ယူရို ၁၅ သန်း (ပေါင် ၁၂.၉သန်း) အထိ ဖြစ်သွားနိုင်ကာ ဖီနာဘာချီသို့ ပြောင်းရွှေ့ဖို့ တူရကီနိုင်ငံသို့ သွားရောက်နေပြီဖြစ်ပါတယ်။

“အရာရာအတွက် ကျေးဇူးတင်ပါတယ် မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်း” လို့ ဖရက်ဒ်က ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့ပါတယ်။

“ဒီနေ့မှာ ကျွန်တော့်ကစားသမားဘဝရဲ့ အလှပဆုံးအဆင့်တွေထဲက တစ်ခုကို အဆုံးသတ်လိုက်ပါပြီ။ ကမ္ဘာ့အကြီးဆုံး ကလပ်အသင်းတွေထဲက တစ်သင်းရဲ့ အင်္ကျီကို ဝတ်ဆင်ဖို့ အိပ်မက်မက်ခဲ့ဖူးပါတယ်”

“အတက်အကျတွေ ကြုံလာတိုင်း လေ့ကျင့်ရေးကွင်းတွေနဲ့ ပွဲတွေတိုင်းမှာ အကောင်းဆုံးတွေ အမြဲပေးခဲ့တယ် ဆိုတဲ့ ခံယူချက်နဲ့ ကျွန်တော် ထွက်ခွာခဲ့ပါတယ်”

“ဒါဟာ ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် စစ်မှန်တဲ့ ၅ နှစ်တာ အိပ်မက်ပါပဲ။ ဒီအခွင့်အရေးအတွက် အမြဲတမ်း ကျေးဇူးတင်နေမှာပါ” လို့ ဖရက်ဒ်က ပြောခဲ့ပါတယ်။