ရေနီရာရီ စွပ်စွဲချက်ကို တုန့်ပြန်တဲ့ ရိုက်၊ ဝေဖန်ခံရတဲ့ အူဘာမီးယန်းနဲ့ ယနေ့ အာဆင်နယ် သတင်းတိုများ

ဝက်ဖို့ဒ်နဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် အာဆင်နယ်လူငယ်ကြယ်ပွင့် စမစ်ရိုဝီဟာ အနယ်လ်ကာ၊ ရေးယက်စ်၊ ဖာဘရီဂတ်စ်တို့ပြီးနောက် အာဆင်နယ်အတွက် ၂၁ နှစ်အောက် ကစားသမားတွေထဲမှာ ပရီးမီးယားလိဂ် ၃ ပွဲ ဆက် ဂိုးသွင်းနိုင်တဲ့ စတုတ္ထမြောက် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

အာဆင်နယ်လူငယ်ကြယ်ပွင့် စမစ်ရိုဝီက ခြေစွမ်းကောင်းတွေ ပြနေပေမဲ့ အင်္ဂလန်အသင်းမှာ ရွေးချယ် မခံရသေးတဲ့အပေါ် “ကျွန်တော်အနေနဲ့ တည်တည်ငြိမ်ငြိမ်ထားပြီး အကောင်းဆုံးကြိုးပမ်းနေဖို့က အရေးကြီးပါတယ်။ အသင်းမှာ ဘယ်သူပဲ အရွေးခံရခံရ ပျော်ရွှင်မှာပါ”လို့ ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် ကစားသမားတွေအနေနဲ့ ဒဏ်ရာရနေတဲ့ ကစားသမားရှိနေလျက်နဲ့ ဂိုးသွင်းခဲ့တာဟာ လေးစားမှု မရှိဘူးဆိုတဲ့ ဝက်ဖို့ဒ်နည်းပြ ရေနီရာရီ ရဲ့ပြောဆိုချက်ကို အီယန်ရိုက်က တုံ့ပြန်ခဲ့ပါတယ်။

ဒါဟာ ရေနီရာရီ အနေနဲ့ ရှုံးပွဲအတွက် ဆင်ခြေပေးတာဖြစ်ကြောင်း၊ အာဆင်နယ် ကစားသမားတွေ အနေနဲ့ ဝက်ဖို့ဒ်ကို ဘောလုံးပေးစရာ မရှိကြောင်း အီယန်ရိုက်က ဆိုခဲ့ပါတယ်။

အာဆင်နယ်ဂန္ထဝင်ဟောင်း အီယန်ရိုက်က ဝက်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်က တိုက်စစ်မှူး အူဘာမီယန်ရဲ့ ခြေစွမ်းကို ဝေဖန်ခဲ့ပြီး အူဘာအနေနဲ့ အခွင့်အရေး တော်တော်များများ လွဲခဲ့ကြောင်း၊ ပင်နယ်တီကို လွဲခဲ့သလို ဆာကာ လူကျွံ့ခဲ့တဲ့ ပထမဂိုးမှာလည်း အူဘာအနေနဲ့ ပထမ ထိချက်မှာကတည်းက ဂိုးဝင် ခဲ့သင့်ကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ်လူ သောမတ်ပါတေး ဟာ ဝက်ဖို့ဒ်နဲ့ ပွဲစဉ်ကို ပေါင်ခြံ ဒဏ်ရာကြောင့် လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်အနေနဲ့ အဆိုပါပွဲမှာ ပါတေး အစား မစ်လန်းနိုင်းစ်ကို အသုံးပြုခဲ့ရပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်တိုက်စစ်မှူး အန်ကတ်တီရာ ကိုခေါ်ယူဖို့ ဘွန်ဒက်လီဂါကလပ် ဂလာဘတ်ချ် က ကြိုးပမ်းလျက် ရှိနေပါတယ်။ ၎င်းရဲ့ စာချုပ်ဟာ ရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး အနာဂတ် မရေရာဖြစ်နေတာပါ။