မေဆန်မောင့်နဲ့ အိုနာနာ တို့ရဲ့ မန်ယူနဲ့ ပွဲဦးထွက် ခြေစွမ်း အပေါ် သုံးသပ်မှတ်ချက်ပြုသွားတဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဟာ ဝုဗ်ကို ၁- ၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲမှာ မန်ယူ အသင်းနဲ့ ပထမဆုံး ပွဲထွက် ကစားသမားများအဖြစ်ပါဝင်ခဲ့ကြတဲ့ မေဆင်မောင့်နဲ့ အန်ဒရေအိုနာနာတို့ရဲ့ စွမ်းဆောင်ရည်တွေကို မှတ်ချက် ပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ မန်ယူအသင်းဟာ ဝုဗ်ကို တစ်ဂိုး ဂိုးမရှိနဲ့အနိုင်ရရှိခဲ့တာကြောင့် ရမှတ် ၃ မှတ်ရရှိပြီး ရာသီသစ်မှာ အဖွင့်လှခဲ့ပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်ကတော့ ထင်ထားသလောက် ကောင်းမွန်ခြင်းမရှိဘဲ ညံ့ဖျင်းခဲ့ပါတယ်။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

ယခုနွေရာသီမှာ ချဲလ်ဆီးမှ ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ မေဆင်မောင့်ကလည်း ယူနိုက်တက် ကစားသမားဘဝ ပထမဆုံး ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ အင်္ဂလန်ကွင်းလယ်လူဟာ ဘောလုံးထိတွေ့မှု အကြိမ် ၃၀ သာရှိခဲ့ပြီး အခွင့်အရေးဖန်တီးနိုင်မှု ၁ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာကြောင့် ပွဲကစားချိန် ၆၈ မိနစ်မှာ အဲရစ်ဆင်နဲ့လူစားလဲခြင်းခံခဲ့ရပါတယ်။

ဒါ့အပြင် ဂိုးသမားသစ် အိုနာနာကလည်း ယူနိုက်တက်တို့ ၁-၀ နဲ့ဦးဆောင်နေချိန်မှာ ပင်နယ်တီပေးရနိုင်လောက်တဲ့ အမှားမျိုးကျူးလွန်ခဲ့ပါတယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးခဲ့ခြင်းမရှိတာကြောင့် အိုနာနာဟာ ယူနိုက်တက် ကစားသမားဘဝ ပရီးမီးယားလိဂ်ရဲ့ပထမဆုံး clean sheet ကိုရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

အသင်းမှထွက်ခွာသွားတဲ့ ဒေးဗစ်ဒီဂီယာနေရာမှာအစားထိုးရန် တန်ဟက်က အိုနာနာကို ပေါင် ၄၇ ဒဿမ ၂ သန်းနဲ့ နွေရာသီမှာ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဝုဗ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှ မေဆင်မောင့်နဲ့ အိုနာနာတို့ရဲ့စွမ်းဆောင်ရည်တွေကို နည်းပြအဲရစ်တန်ဟက်က

“အိုနာနာက အလွန်ကောင်းမွန်တဲ့ကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့ပြီး အရမ်းလည်းတည်ငြိမ်ပါတယ်။ သူ့အတွက် ကောင်းမွန် တဲ့ ပွဲဦးထွက်ဖြစ်ခဲ့ပါတယ်။ ပြိုင်ဘက်ကစားသမားက ဘောလုံးကိုထိခဲ့ပေမယ့် ဒိုင်ဗင်ထိုးသလို ဖြစ်ခဲ့ တာကြောင့် ဒိုင်လူကြီးက ပင်နယ်တီမပေးခဲ့တာပါ။

ကျွန်တော်တို့ ကံကောင်းခဲ့ပါတယ်။ ပင်နယ်တီသတ်မှတ်မပေးခဲ့လို့ အငြင်းပွားစရာဖြစ်ရပ်ဖြစ်ခဲ့ပေမယ့် ကျွန်တော်ကတော့ ပြစ်ဒဏ်ဘော မဟုတ်ဘူးလို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

မောင့်နဲ့ပတ်သက်ပြီးတော့လည်း”သူ့မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ရှိခဲ့ပါတယ်။ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အတိုင်းပဲ သူ လုပ်ခဲ့တာပါ။ ပွဲထဲမှာသူက အရမ်းကောင်းတဲ့အဆင့်မှာ ရှိနေခဲ့ပါတယ်။ သူ့အလုပ်သူ တာဝန်ကျေခဲ့ပါတယ်။ ဒါကအလယ်အလတ် အဆင့် ရှိတဲ့ ပွဲစဉ်တစ်ခုပါ။ သူကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ် “လို့ ပြောကြားခဲ့ပါတယ်။