မန်ယူက စပါးထက် ပိုကောင်းခဲ့တာ၊ ဂိုး မသွင်းနိုင်ခဲ့လို့သာ လို့ လေသံတူ ပြောလာတဲ့ အိုနာနာနဲ့ နည်းပြ တန်ဟက်
မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်နဲ့ ဂိုးသမား အိုနာနာတို့ဟာ တော့တင်ဟမ်ဟော့စပါးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေကို လွဲချော်ခဲ့တဲ့ ကစားသမားတွေကြောင့် ရှုံးနိမ့်ခဲ့တာလို့ အပြစ်တင်ခဲ့ကြပါတယ်။
စပါးစ်ဟာ မန်ချက်စတာယူနိုက်တက်ကို ပါပီ မာတာ ဆားနဲ့ လီဆန်ဒရို မာတီနက်ဇ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ သွင်းဂိုးကြောင့် မြောက်လန်ဒန်မှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး တန်ဟက်ရဲ့အသင်းဟာ ပထမပိုင်းမှာ တော်တော်လေးကောင်းမွန်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ တော်တော်လေး ခြေစွမ်းပိုင်း ဆိုးရွားသွားခဲ့တာဖြစ်ပါတယ်။
ဂိုးသမားအိုနာနာက မန်ချက်စတာယူနိုက်တက်ဟာ တော့တင်ဟမ်ဟော့စပါးထက် ပိုမို ညံ့ဖျင်းတဲ့အသင်းမဟုတ်ခဲ့ဘူးလို့ ပြောဆိုခဲ့ပြီး အသင်းဖော်တွေက အခွင့်အရေးတွေကို အသုံးမချနိုင်လို့သာ ရှုံးခဲ့တာလို့ ပြစ်တင်ခဲ့ပါတယ်။

“သူတို့တွေက ကျွန်တော်တို့ထက် ပိုကောင်းခဲ့တယ်လို့ မထင်ပါဘူး။ ကျွန်တော်တို့ ဒုတိယပိုင်းမှာ အမှားအချို့ လုပ်ခဲ့တယ်။ ဒါပေမယ့် ဘောလုံးက တစ်ပိုင်းတည်း ကစားရတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကောင်းကောင်း စတင်နိုင်ခဲ့တယ်။
အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ ဂိုးမသွင်းနိုင်ခဲ့ဘူး။ ကျွန်တော်တို့သာ ဂိုးသွင်းနိုင်ခဲ့ရင် မတူညီတဲ့ ပွဲစဉ်ဖြစ်ပါလိမ့်မယ်။ ဘောလုံးက ဂိုးသွင်းယူဖို့ အဓိကဖြစ်ပြီး ကျွန်တော်တို့မှာ ကြီးမားတဲ့ အခွင့်အရေးအချို့ ရှိခဲ့တယ်။ ကျွန်တော်တို့ ဆက်ပြီး အလုပ်လုပ်သွားရမှာပါ။ အားလုံး အတူတူ လုပ်ဆောင်သွားရမှာဖြစ်ပြီး ကျွန်တော်တို့က အသင်းကြီးတစ်သင်းပါ။
ခက်ခဲတဲ့အချိန်တွေက ဘောလုံးမှာတင်မဟုတ်ဘဲ ဘဝမှာလည်း ရောက်လာမှာပါ။ ကျွန်တော်တို့ စိတ်အေးအေးထားပြီး ယုံကြည်မှု ဆက်ထားရမှာပါ။ ကျွန်တော် တကယ် ယုံကြည်ချက်ရှိပါတယ်။ ဒီနေ့တော့ ကံဆိုးစွာနဲ့ပဲ ကျွန်တော်တို့ အနိုင်မရခဲ့ဘူး။ ဒါပေမယ့် ကျွန်တော် အကောင်းမြင်စိတ်ရှိပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ တန်ဟက်ကလည်း စိတ်ပျက်ဖွယ်ရလဒ်ဖြစ်ခဲ့ပေမယ့်လည်း စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဂိုးရှေ့မှာ အညှာအတာကင်းမဲ့မှု မရှိခဲ့တဲ့အပေါ်မှာသာ ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် ပထမပိုင်းကို နှစ်သက်ခဲ့တယ်။ အရမ်းကောင်းတဲ့စွမ်းဆောင်ရည်ပါ။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးသွင်းရမယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့တယ်။ တကယ်ကောင်းမွန်တဲ့ ဖိအားပေးမှုတွေနဲ့ ဂိုးသွင်းဖို့ အခွင့်အရေးတွေ အများကြီး ပိုင်ဆိုင်ခဲ့တယ်။
ခင်ဗျား ရှုံးနိမ့်တဲ့အခါမှာ ဘယ်တော့မှ ကောင်းမွန်မှာမဟုတ်ပါဘူး။ ခင်ဗျား မှန်ထဲမှာ ပြန်ကြည့်ရမယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂိုးသွင်းယူရမယ်။ သွင်းဂိုးတွေ ရယူပြီး ပရိသတ်အုပ်ကြီးကို တိတ်ဆိတ်သွားအောင် လုပ်ရမယ်။ ပထမပိုင်းတုန်းက ကွင်းထဲမှာ အသံတွေ တော်တော်လေး တိတ်နေခဲ့ပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။