စပါးကို ရှုံးခဲ့ပေမယ့် မန်ယူ တိုက်စစ်နဲ့ သွင်းဂိုးတွေ အဆင်ပြေသွားမှာပါ လို့ အာမခံချက်ပေးလာတဲ့ တန်ဟက်

တော့တင်ဟမ်စပါးအသင်းကို ၂-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်က ဖြုန်းတီးတဲ့ ခေါ်ယူမှုလို့ ဝေဖန်ခံနေရတဲ့ ပေါင် ၇၂ သန်းတန် ဟွိုက်လန်းဟာ ဒီလိုပွဲစဉ်‌တွေမှာ သေချာပေါက် အသုံးဝင်မှာဖြစ်တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။

တော့တင်ဟမ်ရဲ့အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ် ပထမပိုင်းမှာ ယူတိုက်တက်ကစားသမားတွေဖြစ်တဲ့ မားကက်ရက်ရှ်ဖို့ဒ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ အပိုင်အခွင့်အရေးအချို့ရရှိခဲ့ပေမယ့် အဆုံးသတ်ပိုင်းလိုအပ်ချက်တွေကြောင့် ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

တော့တင်ဟမ်အသင်းဟာ ပထမပိုင်းမှာ ယူနိုက်တက်ရဲ့စိုးမိုးခြင်းကိုအနည်းငယ်ခံထားခဲ့ရသော်လည်း ဒုတိယပိုင်းမှာတော့ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပြီး ယူနိုက်တက်ကို အနိုင်ရရှိခဲ့တာကြောင့် နည်းပြ ပိုစတီကိုဂလူအ‌နေနဲ့ ခြေလှမ်းကောင်း တစ်ရပ် လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ကတော့ ပွဲအပြီးမှာ ” ကျွန်တော်တို့ ပထမပိုင်းမှာ ကစားပုံအရမ်းကောင်းခဲ့ပါတယ်။ ဒါပေမယ့် ဂိုးသွင်းဖို့လည်းလိုအပ်သေးတယ်ဆိုတာ‌သဘောပေါက်ရပါမယ်။

တော့တင်ဟမ်ကိုပေးလိုက်ရတဲ့ဦးဆောင်ဂိုးအတွက် အသင်းရဲ့ကစားသမားတွေက တာဝန်ယူရပါမယ်။ ဒါပေမယ့် မနှစ်ကလိုပဲ ကျွန်တော့်ကစားသမားတွေအပေါ်မှာ ယုံကြည်ချက်ရှိပါတယ်။ သူတို့သွင်းဂိုးတွေရယူနိုင်ပါတယ်။

ဒီပွဲကိုကြည့်ရင် ကျွန်တော်တို့ ဘာကြောင့် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူခဲ့လဲဆိုတာ သိသာပါတယ်။ အန်တိုနီ မာရှယ်ကလည်း ခြေစွမ်းပြန်ပြသနိုင်ပြီး ဟွိုက်လန်းကလည်း အသင်းနဲ့ အံဝင်ခွင်ကျဖြစ်မယ်ဆို အားလုံး အဆင်ပြေသွားမှာပါ။

ဒါ့အပြင် ကျွန်တော်တို့မှာ အခြား ဂိုးသွင်း ယူနိုင်တဲ့ကစားသမားတွေလည်း ပိုင်ဆိုင်ထားပါတယ်” လို့ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အတ္တလန္တာမှ ပေါင် ၇၂ သန်းနဲ့ခေါ်ယူထားတဲ့ တိုက်စစ်မှူးသစ်ဟွိုက်လန်းဟာ နောက်ကျောဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ ရာသီ အစပွဲစဉ်များကို လွဲချော်ခဲ့တာဖြစ်ပါတယ်။

တန်ဟက်ဟာ တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ဂိုးသမားနှစ်ဦးကို အရန်အဖြစ်ထည့်သွင်းထားပြီး မက်ဂွါရီအပါဝင် အသင်းနဲ့အနာဂတ်မရေမရဖြစ်နေတဲ့ ဗန်ဒီဘိခ်နဲ့ ဘရန်ဒန်ဝီလီယံတို့ကို အသင်းလူစားမှချန်လှပ်ခဲ့တာဖြစ်ပါတယ်။