ကြေကွဲ လမ်းခွဲ ဖြစ်သွားရတဲ့ တိုက်စစ်သမား ဂရင်းဝုဒ် နဲ့ မန်ချက်စတာ ယူနိုက်တက်
မန်ချက်စတာ ယူနိုက်တက် ကစားသမား ဂရင်းဝုဒ်ဟာ အသင်းနဲ့လမ်းခွဲဖို့ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရသွားပြီးတဲ့နောက် ဘောလုံးသမားဘဝသစ် ပြန်လည်စတင်ဖို့ ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတဲ့ မေးခွန်းတွေထွက်ပေါ်လာပါတယ်။
အသက်(၂၁)နှစ်သာရှိသေးတဲ့ ဂရင်းဝုဒ်ဟာ သူ့ချစ်သူကောင်မလေးကို ကိုယ်ထိလက်ရောက်စော်ကားမှု၊ အဓမ္မကျူးလွန်ဖို့ ကြိုးစားမှုတွေကြောင့် ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခံခဲ့ရပြီးနောက်ပိုင်း ၂၀၂၂ ဇန်နဝါရီလကတည်းက ယူနိုက်တက်အသင်းက သူ့ကို ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
(Read More နှိပ်ပြီး သတင်းကို အဆုံးထိ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။)

အခုနှစ်၊ ဖေဖော်ဝါရီလအတွင်း တရားရုံးက ဂရင်းဝုဒ်အပေါ် စွဲချက်တင်ထားတာတွေကို ပယ်ဖျက်ပေးခဲ့ပေမယ့် ယူနိုက်တက် အသင်းက ဂရင်းဝုဒ်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို မရုပ်သိမ်းဘဲ သူတို့ဘာသာ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းအနေနဲ့ ဂရင်းဝုဒ်ကို အသင်းမှာ ဆက်ထားချင်ပေမယ့် အမျိုးသမီးပရိသတ်တွေနဲ့ ယူနိုက်တက် အမျိုးသမီးအသင်း ကစားသမားတချို့က ကန့်ကွက်မှု ပြုလုပ်ခဲ့တာကြောင့် အားလုံးအတွက် အဆင်ပြေမယ့် လမ်းကြောင်းကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဂရင်းဝုဒ်နဲ့ပတ်သက်ပြီး ယူနိုက်တက်အသင်းရဲ့ ထုတ်ပြန်ချက်ထဲမှာ ‘ကျွန်တော်တို့ ရရှိခဲ့တဲ့ အထောက်အထားတွေအရ ဂရင်းဝုဒ်ဟာ အွန်လိုင်းမှာ ထွက်ပေါ်ခဲ့သလို၊ စွဲချက်တင်ခံခဲ့ရသလိုမျိုး ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတာ သက်သေအခိုင်အမာ မပြသနိုင်ခဲ့ပါဘူး။
ဒါပေမဲ့လည်း သူလုပ်ခဲ့တဲ့အမှားအတွက် ဂရင်းဝုဒ် တာဝန်ယူရမှာဖြစ်ပါတယ်။ အားလုံးခြုံငုံသုံးသပ်ပြီးတဲ့နောက် ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းမှာ ဘောလုံးသမားဘဝပြန်စတင်ဖို့က အခက်အခဲတွေရှိနေပါတယ်။
အဲဒါကြောင့် သူနဲ့လမ်းခွဲဖို့ နှစ်ဦးနှစ်ဖက်သဘောတူညီခဲ့ပြီး ဂရင်းဝုဒ်အနေနဲ့လည်း အိုးလ်ထရက်ဖို့ဒ်ရဲ့ အဝေး တစ်နေရာမှာ ဘောလုံးသမားဘဝသစ် စတင်နိုင်ဖို့ ကြိုးစားတာကပဲ အသင့်တော်ဆုံး ဖြစ်လာပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ဂရင်းဝုဒ်ကို အကောင်းဆုံးကူညီပေးသွားမှာပါ’လို့ ဖော်ပြပါရှိခဲ့ပါတယ်။
ဂရင်းဝုဒ်ကလည်း ကြေညာချက်တစ်ခုထုတ်ပြန်ခဲ့ပြီး သူက ‘ကျွန်တော် ကျူးလွန်ခဲ့တဲ့အမှားအတွက် ပြန်ပေးဆပ် လိုက်ရတယ်လို့ပဲ သဘောထားပါတယ်။ အခုဆုံးဖြတ်ချက်က အားလုံးအတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်ဖြစ်ပြီး ကျွန်တော့်ကြောင့် ယူနိုက်တက်အသင်း ထိခိုက်မှု မရှိနိုင်တဲ့နေရာတစ်ခုမှာပဲ ဘောလုံးသမားဘဝ ပြန် စတင်သွားမှာဖြစ်ပါတယ်’လို့ ရေးသားခဲ့ပါတယ်။
ဂရင်းဝုဒ်ဟာ ယူနိုက်တက်အသင်းမှာ တစ်ပတ်ကို ပေါင်(၇၅,၀၀၀) ရရှိနေပြီး (၂)နှစ်စာချုပ်ကျန်ရှိသေးတာကြောင့် ယူနိုက်တက် အသင်းဟာ ဂရင်းဝုဒ်နဲ့ စာချုပ်ဖျက်သိမ်းမှာလား . . တခြားအသင်းတစ်သင်းကို အငှား ဒါမှမဟုတ် အပြီးသတ် ရောင်းမှာလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ပြီးခဲ့တဲ့မတ်လတုန်းက ဂရင်းဝုဒ်ကို တူရကီကလပ်တချို့ကို အငှားနဲ့ခေါ်ဖို့ ကမ်းလှမ်းပေမယ့် ယူနိုက်တက်အသင်းက ငြင်းဆန်ပယ်ချခဲ့ပါတယ်။ ပြီးခဲ့တဲ့လတွေအတွင်း ဂရင်းဝုဒ်ရဲ့ အပြောင်းအရွှေ့အတွက် အေစီမီလန်၊ ဂျူဗင်တပ်စ်၊ ရိုးမားအသင်းတို့က ချိတ်ဆက်မှု ပြုလုပ်ခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
ဂရင်းဝုဒ်ကတော့ သူ့မိသားစုနဲ့မခွဲချင်တာကြောင့် ပြည်ပကလပ် အသင်းတစ်သင်းမှာကစားဖို့ ဆန္ဒမရှိတဲ့အတွက် ဂရင်းဝုဒ်တစ်ယောက် အင်္ဂလန်မှာပဲ ဆက်နေမလား ဒါမှမဟုတ် အခြေအနေ အကြောင်းတရားတွေအရ မဖြစ်မနေ ပြည်ပထွက်ကစားမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။