ဒိုင်တွေကို လိုက် ပြစ်တင်ဝေဖန်နေတဲ့ ဘရူနို ဖာနန်ဒက်စ် အား စိတ်ပျက်ကြောင်း ဖာဒီနန် ထုတ်ဖော် ပြောဆို

ပြီးခဲ့တဲ့ အပတ်က စပါးနဲ့ပွဲစဉ် ပထမပိုင်းအတွင်း မန်ယူကို ပင်နယ်တီမပေးတဲ့ ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ဘရူနို ဖာနန်ဒက်စ်က ဝေဖန်ခဲ့တဲ့နောက် သရဲနီဟောင်းကြီး ရီယိုဖာဒီနန် ကတော့ ပေါ်တူဂီသားရဲ့ မှတ်ချက်စကားတွေကို စိတ်ပျက်မိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ရဲ့ ဒိုင်တွေ အပေါ် ပြစ်တင် မှတ်ချက်စကားတွေကို နောက်ခံလူဟောင်း ဖာဒီနန်က ဝေဖန်မှု လုပ်ခဲ့တာပါ။

“သူ ဘာလို့ စိတ်ပျက်နေလဲဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် အဲ့အချိန်မှာ သူ့အနေနဲ့ ‘ငါတို့မှ မကောင်းခဲ့တာ၊ ငါတို့ မျှော်လင့်ထားတဲ့ အဆင့်အတန်းကို မရောက်ခဲ့ဘူး၊ ငါတို့ ပိုကောင်းအောင် လုပ်ရမယ်’ ဆိုပြီး ဖြစ်နေရမှာ။

အဲ့ဒီ့လို သူများကို အပြစ်လိုက်တင်တာတွေက အဆင်မပြေပါဘူး” ဆိုပြီး ဖာဒီနန်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီရာသီမှာ ၂ပွဲသာ ကစားထားရသေးတာနဲ့အတူ ယူနိုက်တက်ဟာ ဒီတစ်ပတ် အိုးလ်ထရက်ဖို့ဒ်မှာ ဖောရတ်နဲ့ တွေ့တဲ့အခါ သူတို့ကိုယ်သူတို့ ပြန်အဖတ်ဆည်ဖို့ အခွင့်အရေးတစ်ခု ရှိနေပါတယ်။

ဒါပေမယ့် ဝုဗ်နဲ့ အဖွင့်ပွဲမှာ အနိုင်ရခဲ့ပေမယ့် ယုံကြည်လောက်စရာမရှိတဲ့ခြေစွမ်း၊ စပါးနဲ့ပွဲမှာ နောက်ထပ်စိတ်ပျက်စရာ ခြေစွမ်းတွေကြောင့် ယူနိုက်တက်ကို အများက ဝေဖန်ပြောဆိုနေကြတာ ဖြစ်ပါတယ်။