ကပ္ပတိန် ဖာနန်ဒက်စ် မဟုတ်ဘဲ မန်ယူ အဝတ်လဲခန်းမှာ လူအရှိန်ဆုံး၊ စိတ်ဓာတ် အကောင်းဆုံး အသင်းသား
မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဂိုးသမား တွမ်ဟီတန်က အသင်းဟောင်းမှာ စိတ်ဓါတ် အကောင်းဆုံးနဲ့ အဝတ်လဲခန်းမှာ အရှိန်ကြဆုံး ကစားသမား ဖြစ်သူအား ဖော်ထုတ် ပြောဆိုလာပါတယ်။
ယူနိက်တက် ဂိုးသမားဟောင်း ဟီတန် က အဝတ်လဲခန်းတွင်းမှာ သူမြင်ရတဲ့ အနေအထားကနေ စိတ်ဓါတ်ပိုင်း အမာကျောဆုံး သူကို ရွေးထုတ်ခဲ့တာဖြစ်ပြီး ထိုသူက အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ် မဟုတ်ဘဲ ချန်ပီယံလိဂ် ဖလား ၄ ကြိမ် အနိုင်ရဖူးတဲ့ ဗာရန်း လို့ ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက် အဝတ်လဲခန်းမှာ မက်ဂွဲရား၊ ဖာနန်ဒက်စ်နဲ့ ကာဆီမီရိုတို့ ရှိပေမယ့် ပြင်သစ်သား ခံစစ်မှူး စကားပြောဆိုချိန်တိုင်း တစ်သင်းလုံးက ဂရုတစိုက် နားထောင်ရလေ့ ရှိတယ်လို့ သိရတယ်။
ဟီတန်က ” ကြံ့ခိုင်တဲ့ စိတ်ဓါတ်ပိုင်းမရှိပါဘဲ မန်ချက်စတာ ယူနိုက်တက် အတွက် ကစားပေးလို့ မရနိုင်ပါဘူး။ အသင်းမှာ စိတ်ဓါတ်ပိုင်း မာကျောတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။
ဒါပေမယ့်လို့ ကျနော်ကတော့ ဗာရန်ကိုပဲ ရွေးချယ်မှာပါ။ အခြားကလပ်တွေမှာ သူ လုပ်ပြခဲ့တာတွေအရကော ယူနိုက်တက် အဝတ်လဲခန်းကို တွန်းဝင်လာပြီး သူ လုပ်ပြနိုင်မှုတွေကြောင့် ဒီလို ရွေးချယ်ရတာပါ။
သူက တကယ်ကို စိတ်ဓါတ်မာပါတယ်။ သူကစားရတဲ့ ပွဲဖြစ်စေ နေ့စဉ် လုပ်ငန်းတွေမှာဖြစ်စေပေါ့။ သူက အရမ်း စကားပြောလေ့ရှိသူ မဟုတ်ပါဘူး။ ဒါပေမယ့် သူစကားပြောပြီဆိုရင် လူတိုင်းက နားထောင်ရတော့တာပါပဲ ” လို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။
ပြင်သစ် ခံစစ်မှူး ဗာရန်း ဟာ ဒီ ရာသီအဖွင့် ဝုဗ်နဲ့ပွဲမှာ ယူနိုက်တက် အနိုင်ရမယ့် သွင်းဂိုးကို သွင်းယူခဲ့သေးတာ ဖြစ်ပါတယ်။