တစ်ပတ်အတွင်း ဒဏ်ရာ ရသွားပြန်တဲ့ ဒုတိယမြောက် မန်ချက်စတာ ယူနိုက်တက် အသင်းသား
မန်ချက်စတာ ယူနိုက်တက် အတွက်တော့ ဒီသီတင်းပတ်ထဲမှာတင် ဒုတိယမြောက် ဒဏ်ရာ သတင်းဆိုး ကို ထပ်မံ ပိုင်ဆိုင်သွားခဲ့ပြန်ပါတယ်။
နောက်ခံလူဖြစ်တဲ့ လုခ်ရှောဟာ ဒဏ်ရာရနေတဲ့အတွက် သီတင်းပတ် အနည်းငယ် အနားယူရတော့မှာဖြစ်တယ်လို့ မန်ယူအသင်းက သတင်းထုတ် ပြန်ခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်၊ အာဆင်နယ်တို့နဲ့ ကစားမယ့် ပွဲစဉ်တွေမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

အင်္ဂလန် နောက်ခံလူရဲ့ ဒဏ်ရာ ပြဿနာဟာ လက်ရှိအချိန်မှာတော့ နည်းပြအဲရစ်တန်ဟတ်အတွက် ထိုးနှက် ချက်တစ်ခုလို ဖြစ်လာခဲ့ပါပြီ။
လုခ်ရှောရဲ့ ဒဏ်ရာသတင်းဟာ ကွင်းလယ်လူ မေဆင်မောင့်ရဲ့ ဒဏ်ရာ ပြဿနာ သတင်းနဲ့ သီတင်းပတ် တစ်ခုတည်းမှာ ရှေ့ဆင့် နောက်ဆင့် ဆိုသလို ထွက်ပေါ် လာခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ် လုခ်ရှောဟာ ကြွက် သားဒဏ်ရာ ရနေတာလို့ သိရပြီး လာမယ့် စက်တင်ဘာလထဲမှာ ကစားမယ့် နိုင်ငံတကာ သီတင်းပတ်ကာလအလွန်ကျမှ မန်ယူနဲ့အတူ ပူးပေါင်းနိုင်တော့မယ့် အခြေအနေ ရှိပါတယ်။
လုခ်ရှောရဲ့ ဒဏ်ရာနဲ့ပတ်သက်လို့ လက်ရှိအချိန်မှာ ယူနိုက်တက်က အကဲဖြတ်ချင့်ချိန်မှုတွေ လုပ်နေတဲ့အတွက် အနားယူရမယ့် ရက်ကို အတိအကျ မသိရတာပါ။ ဒါပေမဲ့ ယူနိုက်တက်ရဲ့ ကြေညာချက် မှာတော့ သီတင်းပတ် အနည်းငယ်လို့ ရေးသားထားတာကို တွေ့ရပါတယ်။
ရှောဟာ မန်ယူအသင်းရဲ့ ရာသီအစ ပရီးမီးယားလိဂ် ၂ ပွဲစလုံးကို ကစားခွင့်ရခဲ့သူဖြစ်ပြီး အခုသီတင်း ပတ်ထဲမှာ ဒဏ်ရာ ပြဿနာ ပေါ်လာတာဖြစ်ပါတယ်။
နည်းပြတန်ဟတ်ဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေပြီး အဲဒီ လေ့ကျင့်ပြင်ဆင်မှုအပိုင်းမှာ လုခ်ရှောတစ်ယောက် မပါဝင်နိုင်တော့ပါဘူး။
ဒါပေမဲ့ အင်္ဂလန်သားဖြစ်တဲ့ လုခ်ရှောဟာ လာမယ့် စက်တင်ဘာလထဲမှာ ကစားမယ့် ယူကရိန်း၊ စကော့တလန်တို့နဲ့ ပွဲစဉ်တွေ အတွက် နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင် လူစာရင်းမှာတော့ ပါလာနိုင်တဲ့ အခြေအနေမျိုး ရှိတယ်လို့ သိရပါတယ်။
လုခ်ရှောဟာ ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် ဒဏ်ရာတွေနဲ့ လုံးပန်းခဲ့ရတဲ့ ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ယူအတွက် ၃ ပွဲပဲ လွဲခဲ့တာမျိုး ရှိပေမဲ့ ၂၀၂၁-၂၂ ဘောလုံးရာသီမှာဆိုရင် အကြောင်းအမျိုး မျိုးကြောင့် ၁၈ ပွဲအထိ လွဲခဲ့ရသူဖြစ်ပါတယ်။
အဲဒီ ဘောလုံးရာသီ မတိုင်ခင်မှာဆိုရင်လည်း ယူနိုက်တက်အတွက် ပွဲထွက်ခွင့် တော်တော်များများကို လွဲခဲ့ရသူပါ။