ရှောနဲ့ မာလာစီယာ တို့ နာနေတာကြောင့် ဒီအပတ် အခွင့်အရေး ရလာမယ့် မန်ယူအသင်းသား

မန်ချက်စတာ ယူနိုက်တက်ရဲ့ ဘယ်နောက်ခံလူ လုခ်ရှောက ကြွက်သားဒဏ်ရာ တခုကြောင့် ကာလရှည် အနားယူရတော့မယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ် နောက်ခံကစားသမားဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲစလုံးမှာ မိနစ် ၉၀ အပြည့် ပါဝင်ကစားပေးခဲ့သူဖြစ်ပြီး နောတင်ဟမ်ဖောရက်စ်နဲ့ လာမယ့်အပတ် အာဆင်နယ်နဲ့ပွဲစဉ်ကို လွဲချော်တော့မယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ နောက်ထပ် ဘယ်နောက်ခံလူ တဦး ဖြစ်သူ မာလာစီယာကလည်း ဒဏ်ရာ ရနေတာကြောင့် တန်ဟက် က ယခုတပတ်မှာ ကစားရမယ့် နော်တင်ဟမ် ဖောရက်စ်နဲ့ ပွဲစဉ်မှာ ဒါးလော့ကို ဘယ်နောက်ခံလူ အဖြစ် ထည့်သွင်း ကစားဖွယ် ရှိပါတယ်။

လုခ်ရှောက ဘယ်နေရာမှာ ကြွက်သားဒဏ်ရာ ရခဲ့တာလဲ ဆိုတာကို အတိအကျ မသိရသေးသလို ကြွက်သားဒဏ်ရာ ဖြစ်တာကြောင့် သူ ဘယ်အချိန်မှာ ပြန်ကောင်းနိုင်မလဲ ဆိုတာကို တွက်ချက်လို့ မရသေးပါဘူး။

မန်ချက်စတာ ယူနိုက်တက်ကတော့ လုခ်ရှောဟာ အများဆုံး ၄ပတ်လောက်သာ အနားယူရဖို့ မျှော်လင့်ထားပေမယ့် လုခ်ရှောက အနည်းဆုံး ၁လ ဝန်းကျင် အနားယူရနိုင်ကြောင်း ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

ဒီတပတ်ထဲမှာပဲ မေဆန်မောင့်ကလည်း ဒဏ်ရာ ရထားပြီး စက်တင်ဘာ နိုင်ငံတကာ သီတင်းပတ် ပြီးလောက်မှ ပြန်ကစားနိုင်မှာ ဖြစ်တာကြောင့် လုခ်ရှော ဒဏ်ရာ သတင်းက မန်ချက်စတာယူနိုက်တက်အတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်။