အစောပိုင်း ၄ မိနစ်ကလွဲရင် မန်ယူက ကောင်းခဲ့တယ်လို့ ယုံကြည်မှု ရှိရှိ ပြောဆိုခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်
နော်တင်ဟမ် ဖောရက်စ်နဲ့ ပွဲမှာ မန်ယူ အသင်းဟာ ပွဲအစ ၄ မိနစ်ကလွဲရင် ကျန်တဲ့နေရာတွေမှာ အပြစ်ပြော စရာမရှိအောင် ကောင်းတယ်လို့ မန်ယူအသင်းခေါင်းဆောင် ဘရူနို ဖာနန် ဒက်စ်က ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ စနေညက ကစားခဲ့တဲ့ ပွဲစဉ်မှာ မန်ယူဟာ နော်တင်ဟမ်ဖောရက်စ်ကို ပွဲချိန် ၄ မိနစ်အတွင်းမှာတင် ၂ ဂိုးပေးလိုက်ရပြီး ပထမဂိုးကို ယူနိုက်တက်ဘက်က ထောင့်ကန်ဘော ရချိန်မှာ ဧည့်သည်အသင်းက တန်ပြန်တိုက်စစ် ဆင်နိုင်ခဲ့ လို့ ဂိုးရသွားခဲ့ပါတယ်။
ဒုတိယဂိုးကတော့ တည်ကန်ဘောကနေ ဝီလီဘိုလီကခေါင်းတိုက် သွင်း ယူပေးခဲ့တာကြောင့် အိမ်ရှင်အသင်းဟာ ပွဲချိန် ၄ မိနစ်မှာတင် ၂ ဂိုးပြတ် ရှုံးနေခဲ့တာပါ။

အဲဒီနောက်ပိုင်း မန်ယူက ကစားကွက်ကို ပြန်တည်ပြီး ရင်ဆိုင်တဲ့အခါ ပွဲချိန် ၁၇ မိနစ်မှာ ရက်ရှ်ဖို့ဒ်ရဲ့ ဖန်တီးပေးမှုကနေတစ်ဆင့် အဲရစ်ဆင် ဂိုးပြန်သွင်းနိုင်ခဲ့သလို ဒုတိယပိုင်းပြန်စပြီး ၇ မိနစ်မှာရတဲ့ တည်ကန်ဘောကနေတစ်ဆင့် ဖာနန်ဒက်စ်က အနီးကပ် ခေါင်းတိုက်ချပေးတာကို ကက်စ်မီရို က ပိတ်သွင်း နိုင်ခဲ့လို့ ချေပဂိုး ရခဲ့ပါတယ်။
အဲဒီနောက် ပွဲချိန် ၇၆ မိနစ်မှာ ရတဲ့ ပင်နယ်တီ ကို ဖာနန်ဒက်စ်က ကန်သွင်းပြီးနောက် မန်ယူရဲ့ အနိုင်ပွဲဟာ အသက်ဝင် သွားခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဒီပွဲမှာ ပထမပိုင်းပွဲချိန် ၄ မိနစ်ကလွဲရင် မန်ယူအသင်းကောင်းခဲ့တယ်လို့ ဖာနန်ဒက်စ်က ပြောတာပါ။
” ကျွန်တော်တို့ အတွက် ပြီးပြည့်စုံတဲ့ စတင်မှုတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ထိန်းထားနိုင်ခဲ့တယ်။ ဘောလုံးကို ထိန်းထားနိုင်တယ်။ မှန်မှန်ကန်ကန် ပြန်စပြီး လုပ်နိုင်ခဲ့တယ်။
သူတို့က လူတွေအများကြီးနဲ့ ခံကစားနေတာ။ အဲဒါမျိုးကျ တော့ ဖောက်ထွက်ဖို့က တော်တော်ခက်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရလဒ် ကောင်းတော့ ရတာပဲ။ အဲဒါက အရေးအကြီးဆုံး အရာပဲလေ။
ပြောင်းလဲရ မယ့် အခြေအနေတွေရှိခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အေးအေးဆေးဆးပဲ ကစားခဲ့တာ။ နောက်တန်းမှာ ဘောလုံးကို ငြိမ်အောင် ထိန်းပြီး ယုံကြည်မှု ပြန်ရခဲ့တယ်။
ပွဲပြီးသွားတော့ လူမှန်နေရာမှန် ပြန်ရောက်တာပါပဲ။ ပထမပိုင်းမှာဆိုရင် ဂိုးကန်ချက်တွေ အများကြီးပဲ။ ခြုံပြောရရင်တော့ ပထမပိုင်း ၄ မိနစ် ကလွဲရင် ကျွန်တော်တို့ တကယ် ကောင်း ခဲ့တာပါ။ ဒါဟာ မန်ယူကစားသမားတွေကြောင့်ဆိုတာ ကျွန်တော်တို့ အား လုံး သိပါတယ်။
ဒီဂျာစီဟာ ဘယ်လောက်အထိ တာဝန်ကြီးတယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ တကယ်ကို အဆင်သင့် ဖြစ်နေပါပြီ။ အသင်းဟာ နိုင်ပွဲဆာလောင်စိတ်၊ စိတ်ဓာတ်နဲ့ စိတ် အားထက်သန်မှုကို ပြခဲ့ကြတာပါ။
ဂိုးတွေ စောစောစီးစီး မပေးရဖို့ လုပ်ရ တော့မယ် ဆိုတာတော့ ကျွန်တော်တို့ သတိထားရမှာပါ” လို့ ဖာနန်ဒက်စ်က နော်တင်ဟမ်နဲ့ ပွဲအပြီးမှာ BBC Sport သတင်းအစီအစဉ်ကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။