ဖောရက်စ်ကို နိုင်တဲ့ ပွဲ အပြီး မန်ယူ နည်းပြ တန်ဟက်က ဘယ်သူတွေကို ချီးကျူး၊ ဘာတွေကို အားရ သွားခဲ့သလဲ

ယနေ့ည ကစားခဲ့တဲ့ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ နော့သင်ဟမ်ဖောရက်စ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ မန်ယူအသင်းက ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အိမ်ကွင်းမှာ ၃-၂ ဆိုတဲ့ ရလဒ်တစ်ခုကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

ရာသီအစ ခြေစွမ်းပိုင်းအားရစရာ မရှိသေးတဲ့ ယူနိုက်တက်တို့ဟာ ယခုပွဲကို သေချာပေါက် အနိုင်ကစားသွားလိမ့်မယ်ဆိုပြီး ပွဲမစတင်ကတည်းက ထင်ကြေးပေးမှုတွေ ရှိနေခဲ့ပေမယ့် ပွဲအစ ၄ မိနစ် အတွင်း သွင်းဂိုး ၂ ဂိုး သွင်းယူသွားခဲ့တဲ့ ဖောရက်စ်ရဲ့ လုပ်အားနှုန်းတွေကြောင့် တန်ဟတ်ဂ်တို့ အတော်လေး အကျပ်ရိုက်ခဲ့ရပါသေးတယ်။

ဒါပေမယ့် အဲရစ်ဆင်၊ ကတ်စ်မဲရိုး၊ ဘရူနိုဖာနန်ဒက်ဇ်(ပင်)တို့ရဲ့သွင်းဂိုးတွေနဲ့အတူ အိမ်ကွင်း Comeback နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်ခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကစားသမားကလည်း ကောင်းမွန်တဲ့ ကွင်းတွင်းဦးဆောင်မှုနဲ့အတူ ပင်နယ်တီသွင်းဂိုးအပြင် ဂိုးဖန်တီးမှုတစ်ကြိမ်ကိုပါ စွမ်းဆောင်ရင်း နည်းပြရဲ့ယုံကြည်မှုအပေါ် အကောင်းဆုံးပေးဆပ်ပြခဲ့ပါတယ်။

တန်ဟက်က “ဘရူနိုဖာနန်ဒက်ဇ်က ကဏ္ဍပေါင်းစုံမှာ အမြင့်ဆုံးအဆင့်အတန်းမျိုးနဲ့ အရမ်းကောင်းမွန်တဲ့ ပွဲစဉ်တစ်ခုကို ကစားခဲ့ပါတယ်။

သူက စိတ်ခံစားမှုတွေကို ထိန်းချုပ်ရင်း တည်တည်ငြိမ်ငြိမ်ကစားနိုင်ခဲ့ပါတယ်။ သူ့ရဲ့တိုက်စစ်ကစားဟန်က ထက်မြက်လွန်းခဲ့ပြီး ကွဲပြားမှုတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်ဇ်ရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်လို့ ကျွန်တော် အရမ်းကျေနပ်ပျော်ရွှင်မိပါတယ်”လို့ ပြောပါတယ်။

ဒါ့အပြင် နည်းပြ တန်ဟက်က အသင်းကစားသမားတွေရဲ့ ပွဲအပေါ်အာရုံစူးစိုက်မှုကို သဘောကျမိတယ်လို့ ပွဲအပြီးမှာ ထုတ်ဖော်ပြောကြား လိုက်ပါတယ်။

“စိတ်ဓါတ်ပိုင်းနဲ့ စွမ်းအားပိုင်းက ကြီးမားလွန်းပါတယ်။ ဒီအသင်းရဲ့ ပြန်လာနိုင်စွမ်းကို ကျွန်တော်တို့ မြင်တွေ့ဖူးခဲ့ပါတယ်။ အခုလိုညံ့ဖျင်းတဲ့ စတင်မှုတစ်ခု ရှိခဲ့မယ်ဆိုရင် ဒါကို ကျော်ဖြတ်ပြနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုကျော်ဖြတ်ပြဖို့ဆိုတာ မလွယ်ကူပေမယ့် ယူနိုက်တက် ကစားသမားတွေ ကို ချီးကျူးရပါလိမ့်မယ်။

ကျွန်တော်တို့မှာ အရည်အသွေးကောင်းတွေ ရှိပါတယ်။ အချို့အခိုက်အတန့်တွေမှာ သေချာပေါက် တိုးတက်လာရမယ့် အပိုင်းတွေရှိနေသေးပေမယ့် ယေဘုယျအားဖြင့်တော့ ဒီအသင်းမှာ အချိန်ပြည့် ပြန်လည်နိုးထနိုင်စွမ်းရှိတဲ့ စရိုက်လက္ခဏာတွေ ပိုင်ဆိုင်ထားပါတယ်”လို့ တန်ဟက်က ဆိုပါတယ်။

အသက်-၂၈ နှစ်အရွယ်ကွင်းလယ်ကစားသမားဟာ အသင်းကပ္ပတိန်ကောင်းတစ်ဦးဖြစ်လာရေးအပိုင်းမှာ စိတ်ခံစားမှုတွေ ထွေပြားလွန်းတယ်လို့ မီကာရစ်ချက်စ်အပါအဝင် ဘောလုံးဝေဖန်သုံးသပ်သူတွေရဲ့ ပြောဆိုမှုတွေ ရှိနေစဉ်မှာပဲ ဒတ်ချ်လူမျိုးနည်းပြက ဘရူနိုဖာနန်ဒက်ဇ်ကို ယုံယုံကြည်ကြည်တာဝန်ပေးအပ်ခဲ့ပါတယ်။