မေဆန်မောင့် ကို ခေါ်မယ့် အစား မန်ယူ ခေါ်ခဲ့သင့်တဲ့ ကစားသမားကို ထောက်ပြသွားတဲ့ သရဲနီဟောင်းကြီး
မန်ချက်စတာ ယူနိုက်တက် ဟာ မေဆန်မောင့် ကို ခေါ်ယူမယ့် အစား ဂျိမ်းစ်မက်ဒီဆင်ကို ခေါ်လိုက်တာကမှ ရေရေရာရာ ရှိသေးတယ်လို့ သရဲနီ နောက်ခံကစားသမားဟောင်းဖြစ်တဲ့ ပေါလ်ပါကားက ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်ဟာ ချဲလ်ဆီး ကွင်းလယ်လူဟောင်း မေဆင်မောင့်အတွက် ဒီနွေရာသီမှာ ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၅၅ သန်းသုံးပြီး အိုးလ်ထရက်ဖို့ဒ်ဆီကို အရောက်ခေါ်ခဲ့တာပါ။ ဒါပေမဲ့ အင်္ဂလန်သားဟာ ၂ ပွဲကစားပြီးချိန်မှာ လောက်လောက်လားလား လုပ်မပြနိုင် သေးတဲ့အပြင် ဂိုးဖန်တီးမှုလည်း မလုပ်နိုင်သလို ကိုယ်တိုင်လည်း ဂိုးမသွင်း နိုင်ခဲ့ပါဘူး။

အခုဆိုရင်လည်း တံကောက်ကြော ဒဏ်ရာ ရှိနေတဲ့အတွက် မေဆင်မောင့်ဟာ အနည်းဆုံး ၆ ပတ်လောက်အထိ အနားယူရတော့မှာဖြစ်ပါတယ်။
မန်ယူဟာ မေဆင်မောင့်ကို ခေါ်မယ်လို့ လုပ်တုန်းက မက်ဒီဆင်ကိုပါ တစ်တွဲတည်း စဉ်းစားခဲ့တာဖြစ်ပြီး အခု လက်ရှိမှာတော့ လက်စတာ ကွင်းလယ်လူဟောင်းဟာ စပါးအသင်းဆီကို ရောက်ပြီး လန်ဒန်ကလပ်နဲ့အတူ အချိန်တိုအတွင်းမှာပဲ အသားကျနေပြီဖြစ်ပါတယ်။
နောက်ပြီး စပါးဟာ မက်ဒီ ဆင်အတွက် ပေါင်သန်း ၄၀ ပဲ ပေးခဲ့ရတယ်လို့ သိရပြီး မေဆင်မောင့်ရဲ့ ကနဦး ပြောင်းရွှေ့ကြေးထက်တောင်မှပဲ ၁၅ သန်းလောက် ဈေးလျော့နေ တာကို တွေ့ရပါတယ်။
ဒါကြောင့် မန်ယူနဲ့အတူ ပရီးမီးယားလိဂ် ဖလားကို ၂ ကြိမ်အထိ ရယူခဲ့ဖူးတဲ့ ပေါလ်ပါကားက အခုလို သုံးသပ် ပြောဆိုလာခဲ့တာပါ။
” မန်ယူဟာ မေဆင်မောင့်အပေါ်မှာ သုံးလိုက်တဲ့ ပိုက်ဆံတွေကို မက်ဒီဆင်အတွက် သုံးသင့်တာ။ ဒဏ်ရာ ပြဿနာတွေနဲ့ သူ့ရဲ့ ပင်ကိုယ်စရိုက်ကြောင့် မက်ဒီဆင် အပေါ်မှာတော့ ကျွန်တော် ဘယ်တုန်းကမှ သဘောကျတာမျိုး မရှိခဲ့ပါဘူး။
အခုလက်ရှိမှာတော့ သူ့ရဲ့ စွမ်းဆောင်ရည်ပိုင်းအရ မက်ဒီဆင်ဟာ ဝယ်ထားသင့်တဲ့ ကစားသမားပဲလို့ မြင်မိပါတယ်။ မေဆင်မောင့်ကို ဝယ်တာနဲ့ပတ်သက်လို့ ကျွန်တော် တစ်ယောက်တည်းဆန္ဒအရဆိုရင်တော့ မကြိုက်ဘူး။
သူက မန်ယူအသင်း လိုနေ တဲ့ ကစားသမားမှ မဟုတ်တာ။ သူတို့က အသင်းကို ရောက်လာပြီးတဲ့နောက် အဲရစ်ဆင်လိုမျိုး လုပ်ပြနိုင်တဲ့သူမျိုးကို လိုတာ။ မက်ဒီဆင်က စပါးကိုလည်း ရောက်သွားရော အဲရစ်ဆင်လို ဖြစ်သွားတယ်။ စောင့်ကြည့်ချင်စရာ ကောင်းနေတဲ့ အံ့မခန်း ကစားသမားပဲ။ ” ပြောသွားခဲ့ပါတယ်။
ပေါလ်ပါကားဟာ မန်ယူ အသင်းမှာ အိုးလ်ထရက်ဖို့ဒ်မှာ ၁၉၉၁ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အထိ ကျင် လည်ခဲ့တဲ့ ကစားသမားဖြစ်ပြီး သရဲနီ ဂျာစီနဲ့အတူ ၁၀၅ ပွဲအထိ ပွဲထွက်ခွင့် ရခဲ့တဲ့ အင်္ဂလန်လက်ရွေးစင် တစ်ယောက်လည်း ဖြစ်ပါတယ်။