သရဲနီတွေ လှောင်ခဲ့ဖူးတဲ့ လီဗာပူး အသင်းလိုမျိုး မန်ယူလည်း ဖြစ်လာဖွယ် ရှိနေလို့ စိုးရိမ်နေကြရပါပြီ

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဟာ မဟာ ပြိုင်ဘက် လီဗာပူး အသင်း လိုပဲ အမှတ်ပေးချန်ပီယံဆု ပြန်လည်ဆွတ်ခူးဖို့ နှစ်ပေါင်း(၃၀)အထိ စောင့်ဆိုင်းခဲ့ရတဲ့အဖြစ်ဆိုးမျိုး သူတို့အသင်း ရင်ဆိုင်ရမှာကို စိုးရိမ်တကြီး ဖြစ်နေကြပါတယ်။

လီဗာပူးလ်အသင်းဟာ ၁၉၇၉ ကနေ ၁၉၉၀ ခုနှစ်အတွင်း အင်္ဂလန်ဘောလုံးလောကကို ပြိုင်ဘက်မရှိ လွှမ်းမိုးနိုင်ခဲ့ပြီး အဲဒီကာလတွေမှာ အမှတ်ပေးဖလားကို (၈)ကြိမ်အထိ ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ၁၉၈၉-၉၀ ရာသီ အင်္ဂလန် ပထမတန်းပြိုင်ပွဲမှာ ဗိုလ်စွဲပြီးနောက်ပိုင်း လီဗာပူးလ်တို့ အမှတ်ပေး ချန်ပီယံဆု ရယူနိုင်ဖို့အတွက် ဆယ်စုနှစ်(၃)ခုကြာအောင် စောင့်ဆိုင်းခဲ့ရပြီး ၂၀၁၉-၂၀ ရာသီမှ ချန်ပီယံဖြစ်ခဲ့ပါတယ်။

အဲဒီရာသီက လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ပထမဆုံးအကြိမ်ရရှိခဲ့တာဖြစ်ပြီး အသင်းအတွက် ကြီးမားတဲ့အောင်မြင်မှုဖြစ်ပေမယ့် ကိုဗစ်ရောဂါဖြစ်ပွားနေတာကြောင့် ကွင်းထဲမှာ ပရိသတ်မပါဘဲ အောင်ပွဲခံခဲ့ရပါတယ်။

ထိုစဉ်က ယူနိုက်တက် ပရိသတ်တွေဟာ လီဗာပူးလ်အသင်းရဲ့ ပရီးမီးယားလိဂ်ကြမ္မာဆိုးနဲ့ပတ်သက်ပြီး တစ်ချိန်တုန်းက အကြီးအကျယ်လှောင်ပြောင်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ လီဗာပူးလ်လိုပဲ သူတို့အသင်းလည်း ပရီးမီးယားလိဂ်ဖလား ပြန်လည်ရယူဖို့ ဆယ်စုနှစ်ပေါင်းများစွာအထိ စောင့်ဆိုင်းရတဲ့အဖြစ်ဆိုးမျိုးနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်နေကြပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်လက်ထက်မှာ ပရီးမီးယားလိဂ်ဖလားကို (၁၃)ကြိမ် အထိရယူပြီး ပရီးမီးယားလိဂ်ရဲ့အောင်မြင်မှုအများဆုံးကလပ်အဖြစ် ရပ်တည်နေပေမယ့် ဖာဂူဆန်ရဲ့ နည်းပြဘဝနောက်ဆုံးရာသီဖြစ်တဲ့ ၂၀၁၂-၁၃ ရာသီမှာ ဗိုလ်စွဲပြီးနောက်ပိုင်း ချန်ပီယံဆုနဲ့ဝေးကွာနေတာ ဆယ်စုနှစ်တစ်ခု ကြာမြင့်နေပါပြီ။

ပြီးခဲ့တဲ့နှစ်က ယူနိုက်တက်နည်းပြအဖြစ် စတင် တာဝန်ယူခဲ့တဲ့ အဲရစ်တန်ဟက်ဟာ ပထမဆုံးရာသီမှာပဲ လိဂ် ဖလားရယူပြီး (၆)နှစ်ကြာဖလားလက်မဲ့ဖြစ်နေတဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အဆင့်(၃)သာ ရယူနိုင်ခဲ့သလို ဒီရာသီမှာလည်း အသင်းအနေအထားအရ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်းမရှိသေးပါဘူး။

အဲဒါကြောင့် ယူနိုက်တက်ပရိသတ်တွေက ‘လီဗာပူးလ်အသင်း နှစ်ပေါင်း (၃၀)ကြာ အမှတ်ပေးဖလားမရခဲ့တာက လှောင်ပြောင်စရာကိစ္စ မဟုတ်တော့ပါဘူး . .’၊

‘ကျွန်တော်တို့တွေဟာ လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ဖလား မရတာနဲ့ပတ်သက်ပြီး နှစ်ပေါင်းများစွာ လှောင်ပြောင်ခဲ့ကြဖူးပါတယ်။

အခုတော့ ကျွန်တော်တို့အသင်းကလည်း လီဗာပူး အတိုင်းဖြစ်လာဖို့ ဖြစ်နိုင်ခြေ(၁၀၀%)ထဲက (၃၃%)လောက် သေချာနေပါပြီ။

မန်စီးတီးက ပရီးမီးယားလိဂ်ပြိုင်ပွဲကို စိုးမိုးထားသလို တိုးတက်လာတဲ့ နယူးကာဆယ်၊ နောက်ထပ် နှစ်ပေါင်း(၂၀)အထိ အဆင့်(၂)ကနေ (၄)အတွင်းဝင်ဖို့ သေချာနေတဲ့ အာဆင်နယ်တို့ကြောင့် ကျွန်တော်တို့ ပရီးမီးယားလိဂ်ချန်ပီယံ ပြန်ဖြစ်ဖို့ မလွယ်ကူသေးပါဘူး . .’ လို့ Twitter မှာ ရေးသားခဲ့ပါတယ်။