ကူကူရယ်လာ မရရင် မန်ယူ ခေါ်ဖို့ ပြင်ဆင်ထားပြီ ဖြစ်တဲ့ အရန် ပစ်မှတ် ကစားသမား

မန်ချက်စတာ ယူနိုက်တက်ကဘယ်နောက်ခံနေရာ အတွက် ချယ်ဆီး ဘယ်နောက်ခံလူ ကူကူရယ်လာ ကို တရာသီအငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ကူကူရယ်လာကို မရခဲ့ရင် အစားထိုး ပစ်မှတ်ကိုလည်း ပြင်ဆင်ထားပြီ ဖြစ်ပါတယ်။

မန်ယူက ကူကူရယ်လာ မရရင် စပါးရဲ့ ဘယ်နောက်ခံလူ ရယ်ဂွီလွန်ကို ပြောင်းလဲ ခေါ်ယူရန် ပြင်ဆင်ထားကြောင်း စကိုင်းစပေါ့ သတင်းဌာနက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဘယ်နောက်ခံနေရာမှာ လုခ်ရှော ၊ မာလာစီယာ စတဲ့ ကစားသမားတွေကို ပိုင်ဆိုင် ထားပေမယ့် မာလာစီယာက ရာသီကြိုခရီးစဉ်အတွင်းမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရသလို လုခ်ရှောကလည်း မကြာသေးမီကမှ ရခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် ၂လနီးပါး နားရပါတော့မယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက နွေဈေးကွက် မပိတ်သိမ်းမီမှာ အရေးပေါ် သုံးလို့ရမယ့် ဘယ်နောက်ခံလူ တဦးကို ခေါ်ယူဖို့ အပူတပြင်း ကြိုးစားနေပြီး ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ကူကူရယ်လာကို အငှားနဲ့ ခေါ်ယူဖို့ အတွက် ချယ်ဆီးထံ ဆက်သွယ်ထားပါတယ်။

လက်ရှိအချိန်အထိ ချယ်ဆီးကရော ကူကူရယ်လာကပါ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို မတုံ့ပြန်သေးပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ကူကူရယ်လာကို မရခဲ့ရင် အစားထိုး ခေါ်ယူမယ့် ကစားသမား စာရင်းကို လုပ်ထားပြီး စပါးရဲ့ ဘယ်နောက်ခံလူ ရယ်ဂီလွန်ဟာ ယူနိုက်တက်ရဲ့ ဒုတိယ ဦးစားပေး ပစ်မှတ်ပဲ ဖြစ်ပါတယ်။

စကိုင်းစပေါ့ အဆို အရ မန်ချက်စတာ ယူနိုက်တက်က ကူကူရယ်လာ အပြင် စပါးရဲ့ ဘယ်နောက်ခံလူ ရယ်ဂီလွန်ကိုပါ အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး မန်ချက်စတာ ယူနိုက်တက်က ကူကူရယ်လာကို မရခဲ့ရင် ရယ်ဂီလွန်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားသွားမယ်လို့ သိရပါတယ်။

စပိန်ဘယ်နောက်ခံလူ ရယ်ဂီလွန်က ယခု နွေဈေးကွက်အတွင်းမှာ စပါးကနေ ထွက်ခွာခွင့် ရရှိထားသူ ဖြစ်ပြီး ရယ်ဂီလွန်က စပိန်ကလပ် ဆိုစီဒက်ဆီ အငှားနဲ့ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် စပါးနဲ့ ဆိုစီဒက် ကြားထဲမှာ သဘောတူညီမှု မရခဲ့တာကြောင့် စပါးမှာသာ ဆက်ရှိနေခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် ရယ်ဂီလွန်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ရခဲ့ရင် လက်ခံသွားဖို့ ရှိနေပါတယ်။