ဈေးကွက် မပိတ်ခင် မန်ယူအသင်း ၂ နေရာ အားဖြည့်ဖို့ အပူတပြင်း တိုက်တွန်းသွားတဲ့ ဂယ်ရီ နဗီးလ်

မန်ယူ ဂန္တဝင် ဂယ်ရီ နဗီးလ် ကတော့ သူ့ အသင်းဟောင်း အနေနဲ့ လက်ရှိ နွေဈေးကွက် မပိတ်သိမ်းမီမှာ ဘယ်လို ခေါ်ယူမှုတွေ ပြုလုပ်သင့်သေးသလဲ ဆိုတာ တိုက်တွန်းအကြံပြုလိုက်ပါတယ်။

နဗီးလ်က ဘယ်ခံစစ် ကစားသမား တစ်ဦး၊ ကာစီမီရို ကို အကူညီပေးနိုင့်မဲ့ ကွင်းလယ်လူ တစ်ဦးတို့ကို ထပ်မံ ခေါ်ယူစေလိုနေတာပါ။

နဗီးလ်က ” မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဒီတစ်ပါတ်အတွင်း ဈေးကွက်ထဲ တစ်ခုခု လုပ်မှ ဖြစ်မယ်လို့ တွေးမိတယ်။ သူတို့ ကစားသမားအချို့ကိုလည်း ရောင်းထုတ်သင့်ပါတယ်။ အချို့ အသင်းတွေဆိုရင် တကယ့်ကို ကောင်းမွန်တဲ့ ရောင်းချမှုတွေ လုပ်ဆောင်ခဲ့ကြတယ်လေ။ ယူနိုက်တက်ကတော့ မလုပ်နိုင်ခဲ့သေးပါဘူး ”

” သူတို့ နွေမှာ ကစားသမားကောင်းတွေ ခေါ်နိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ထပ်ခေါ်ဖို့လိုသေးတာ သံသယဖြစ်ဖို့မရှိပါဘူး ။ ဘယ်ခံစစ်နဲ့ ကွင်းလယ်လူပေါ့။ ရှေ့ဆက်ကစားရမယ့် ပြိုင်ပွဲတွေအတွက် သူတို့ အခုထက် ပိုပြီး တောင့်တင်းနေဖို့ သေချာပေါက် လိုအပ်ပါတယ် ”

” အသင်းမှာ ဒဏ်ရာရ ကစားသမား အချို့လည်း ရှိနေကြပါသေးတယ်။ ဒီလို အနေအထား တစ်ရပ်မှာ ကာစီမီရို နဲ့ တွဲဖက် ကစားနိုင်မယ့်သူ တကယ်ပဲ လိုအပ်ပါတယ်။ အာဆင်နယ် နဲ့ ကစားရမယ့် ပွဲစဉ်မတိုင်မီ ယူနိုက်တက်တို့ လူခေါ်နိုင်ဖို့ တကယ်ပဲ လိုအပ်လှပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

လက်ရှိ ယူနိုက်တက်အသင်းရဲ့ ဘယ်ခံစစ် ကစားသမား နှစ်ဦး ဖြစ်ကြတဲ့ လုခ်ရှောနဲ့ တိုင်ရယ် မာလာစီယာ တို့ဟာ ဒဏ်ရာပြသနာကြောင့် အသင်းအတွက် မပါဝင်နိုင်ပဲ ဖြစ်နေခဲ့ကြရပါတယ်။ ဒါ့ကြောင့် နော်တင်ဟမ်ဖောရက်စ် နဲ့ ပွဲမှာ ဒါးလော့ဟာ ထိုနေရာ ဝင် ကစားခဲ့ရပါတယ်။

အခုတော့ မန်ချက်စတာယူနိုက်တက် အသင်းဟာ အဆိုပါ နေရာကို တော့တင်ဟမ် ဟော့ စပါး အသင်းမှ ရီဂွီလွန် ဒါမှမဟုတ် ချဲလ်ဆီး အသင်းမှ မာ့ခ် ကူကူရယ်လာ တို့နဲ့ အင်အားဖြည့်တင်းလိုနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်။

အခြားတဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကွင်းလယ်လူ နေရာအတွက် လီဗာပူး အသင်းရဲ့ ပစ်မှတ်ဖြစ်သူ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗန်ဘာ့ချ်၊ မော်ရိုကို လက်ရွေးစင် ဆိုဖီယံနီ အမ်မရာဘတ် တို့ကို စိတ်ဝင်စားနေခဲ့ပါတယ်။