မန်ယူဖန်တွေ အပါအဝင် ဘရူနို ဖာနန်ဒက်စ် ကို ဝေဖန်နေကြသူတွေအား ပြန် ပြစ်တင်လိုက်တဲ့ ရီယိုဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ဝေဖန်ကြသူတွေအား သရဲနီဟောင်းကြီး ရီယို ဖာဒီနန်ကတော့ တုန့်ပြန်မှု ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။

ဖာနန်ဒက်စ်လို အခွင့်အရေးတွေ အများကြီး လုပ်နိုင်တဲ့ ကစားသမား တစ်ဦးကို ဝေဖန်ကြတာဟာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်လို့ ဖာဒီနန်က ယူဆထားပါတယ်။

ဖာနန်ဒက်စ်ဟာ ပြိုင်ဘက်တွေထဲမှာတင် မဟုတ်ဘဲ မန်ယူနိုက်တက် ပရိသတ်တွေ ကြားထဲမှာပါ မကြာခဏ ဝေဖန်ခံရလေ့ရှိသူ ဖြစ်ပါတယ်။

ဖာဒီနန်က ” အရင်အပတ်က ဘရူနို ဖာနန်ဒက်စ် ဝေဖန်မှုတွေ ရခဲ့တာကို မြင်ပါတယ်။ ကျနော်လေ ‘ဒီကောင်တွေက ဘာမို့လို့ ဒီလို ဝေဖန်စကားမျိုး ပြောနိုင်ရတာလဲ’ လို့ အော်သာ ပြောချင်တော့တာပဲ။ မနှစ်ကရာသီ ပရီးမီးယားလိဂ်ရဲ့ ဖန်တီးမှု အများဆုံး ကစားသမားက ဘရူနို ဖြစ်ခဲ့တာနော်။

ဒီရာသီမှာလည်း သူက ဖန်တီးနိုင်စွမ်းရှိတဲ့ ကစားသမား ဖြစ်နေဆဲပဲ။ အသင်းဖော်တွေ ဂိုးရနိုင်အောင်လို့ ဖန်တီးမှု ၁၀ ကြိမ် လုပ်ပေးနိုင်တဲ့ ပထမဆုံး ကစားသမားကလည်း သူပါပဲ။ သူ အသင်းကို ရောက်လာတည်းက အခွင့်အရေးတွေ၊ ဂိုးတွေ၊ ဂိုးထောက်ပံ့မှုတွေ ဒါတွေကိုပဲ ဆက်တိုက် လုပ်ပြနေခဲ့တာပါ။ ” လို့ ပြောဆို သွားခဲ့ပါတယ်။

၂၀၂၀ မှာ ယူနိုက်တက်ကို ရောက်လာပြီးနောက် ဖာနန်ဒက်စ်ဟာ ပြိုင်ပွဲစုံ ၁၈၈ ပွဲ ကစားထားပါပြီ။ သူဟာ ကိုယ်တိုင် ၆၅ ဂိုး သွင်းယူကာ ၅၅ ကြိမ် ဂိုးထောက်ပံ့မှု လုပ်ထားနိုင်ပါတယ်။

ဖာနန်ဒက်စ်ဟာ သွင်းဂိုးတွေအတွက် လုပ်ရဲကိုင်ရဲသူ ဖြစ်တာမို့ အောင်မြင်ရင် ချီးကျူးခံရပြီး မအောင်မြင်ရင် ပိုပြီး ဝေဖန်ခံရသူ ဖြစ်လာတာလို့ ဖာဒီနန်က ထောက်ပြပါတယ်။

” ဘရူနိုလို ကစားသမားမျိုးက အခြားသူတွေထက် ကွင်းထဲမှာ စိတ်ဝင်စားခံရတာ အကြောင်းရင်း တစ်ချက်ပဲရှိတယ်။ သူတို့လို ကစားသမားတွေက စွန့်စားမှု ယူရဲလို့ပဲ။ သူ စွန့်စားလို့ အလုပ်ဖြစ်ရင် အခြားသူတွေထက် ပိုပြီး အာရုံစိုက်ခံရတယ်။ အလုပ်မဖြစ်ရင်တော့ ပိုပြီး ဝေဖန်ကြတော့တာပေါ့။

ကစားသမားတွေက စွန့်စားရမှာ ဘယ်လောက်တောင် ကြောက်လဲ မင်းတို့သိလား? စွန့်စားရဲတယ်ဆို ဘယ်လောက် ထူးခြားတဲ့ အကျင့်စရိုက်လဲ မင်းတို့ သိကြလား? ” လို့ ဖာဒီနန်က ထပ်လောင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။