သောကြာနေ့ ဈေးကွက် မပိတ်ခင် ကစားသမားသစ် ၃ ဦး အထိ ခေါ်ယူဖို့ မန်ယူ စီစဉ် လှုပ်ရှားနေပါပြီ
ဒီတပတ် သောကြာနေ့မှာ အပြောင်းအရွှေ့ ဈေးကွက် ပိတ်ချိန် ရောက်တော့မှာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ဟာ ဖီအိုရင်တီးနား ကွင်းလယ်လူ အမရာဘတ်ကို ဒီအပတ်မှာ ခေါ်ယူနိုင်ရေး ကြိုးစားနေပြီဖြစ်ကြောင်း သတင်းထောက် ဒေးဗစ် အွန်စတိန်း က ဖော်ပြလာပါတယ်။
အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူနဲ့ ဒီနွေဈေးကွက် တစ်ခုလုံး သတင်းထွက်နေခဲ့ရာမှာ အခုကတော့ အငှား ခေါ်ယူရေး သဘောတူညီမှုချက်ရဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။
အမရာဘတ်ဟာ စီးရီးအေကလပ်နဲ့ ၂၀၂၄ ခုနှစ်ထိ စာချုပ်ရှိထားပြီး နောက်ထပ် ၁၂ လ သက်တမ်းတိုးခွင့် ရှိထားပါတယ်။

ယူနိုက်တက် ရင်ဆိုင်နေရတဲ့ FFP စည်းမျဉ်းဆိုင်ရာ အကန့်အသတ်တွေကြောင့် အမရာဘတ်ကို အပြီးသတ် ခေါ်ယူနိုင်မှာ မဟုတ်ဘဲ အငှားဖြင့် အိုးထရတ်ဖိုဒ့်ထံ ခေါ်ယူရေး အားထုတ်လာတာ ဖြစ်ပါတယ်။
ဒါ့အပြင် ပဲလေစ့်ကို ရောက်သွားမယ့် ဒင်းဟန်ဒါဆန် နေရာမှာ ဖီနာဘာချီ ဂိုးသမား Altay Bayindir နဲ့ အစားထိုးဖို့ ရှိနေပါတယ်။
နည်းပြတန်ဟက်ဟာ လူစာရင်း အားဖြည့်မှုအဖြစ် ချယ်ဆီးမှ ကူကူရယ်လာကိုလည်း အလိုရှိနေပြီး ဆွေးနွေးမှု အဆင်ပြေဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ကွင်းလယ်ခံစစ်အတွက် လူသစ်ရှာနေရာမှာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂရာဗင်ဘက်ချ်ကိုလည်း ပစ်မှတ်ထားနေပါတယ်။ ဒါပေမယ့်လို့ လီဗာပူးကပါ စိတ်ဝင်စားနေတဲ့ နယ်သာလန်သားကို ခေါ်ယူဖို့ တိုးတက်မှု မရှိသေးပါဘူး။
ယူနိုက်တက်ဟာ အမရာဘတ်ကိုပဲ အဓိက ဦးစားပေးအဖြစ် ဆက်လက် အာရုံစိုက်ပြီး လူသစ် ၃ဦး ခေါ်ဖို့ ခြေလှမ်းနေကာ ကစားသမား ရောင်းချမှုတွေ ကိုလည်း အပြီးသတ်ဖွယ် ရှိပါတယ်။