အင်္ဂလန်အသင်းကနေ ပြန်ထွက်သွားတဲ့ ရက်ဖို့ဒ်၊ မန်ယူကို မကိုင်တဲ့ ဇီဒန်းနဲ့ ယနေ့ နံနက်ခင်း သတင်းများ
ဖီအိုရင်တီးနား တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ တခြားသော ကမ်းလှမ်းမှုတွေကို စောင့်နေတာကြောင့် ဇန်နဝါရီမှာ အာဆင်နယ်ဘက်က ကမ်းလှမ်းမယ့် အပြောင်းအရွှေ့ကိစ္စကို ပယ်ချသွားဖို့ ရှိပါတယ်။
မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ် ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရပေမယ့် ပြန်လည် နှုတ်ထွက်သွားခဲ့ပါတယ်။ ရက်ဖို့ဒ် က ကြံ့ခိုင်မှုအနေအထားကို အကောင်းဆုံးရရှိအောင် လုပ်ဆောင်ချင်လို့ ဖြစ်တယ်လို့ သိရပါတယ်။
လီဗာပူးနောက်ခံလူ အာနိုးလ်က ပရီးမီးယားလိဂ်မှာ သူ ရင်ဆိုင်ဖူးသမျှထဲ အခက်ခဲဆုံးကစားသမားက ချဲလ်ဆီး ကစားသမားဟောင်း ဟာဇက်ဖြစ်ကြောင်း၊ ဟာဇက်ဟာ ဉာဏ်ရည် မြင့်မားသူဖြစ်ပြီး သူ့ အလိမ်အခေါက်တွေက ရပ်တန့်ရခက်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါးက ဟိုက်ဘူရီက သူ့နှလုံးသားက ဖြစ်ခဲ့ပြီး အမ်းမရိတ်စ် ကတော့ နာကျင်စေခဲ့ကြောင်း၊ ၂၀၀၇ ခုနှစ်က သူနဲ့ ဘုတ်အဖွဲ့ကြား ဆုံးဖြတ်ချက်တွေ တင်းမာမှုရှိခဲ့ပြီး အသင်းကို ခရွန်ကီရောက်လာကတည်းက ထွက်ခွာခဲ့သင့်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
ဂျူဗင်တပ်အသင်းဟာ ကွင်းလယ်လူ ရမ်းဆေးနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းဖို့ကို ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ ဝေလ်းကွင်းလယ်လူဟာ ပရီးမီးယားလိဂ်ထံ ပြန်ရောက်လာနိုင်ပါတယ်။
ဘာစီလိုနာနည်းပြသစ်ဖြစ်လာတဲ့ ဇာဗီက သူတို့အနေနဲ့ အရှုံးနဲ့ မရင်ဆိုင်လိုကြောင်း၊ သူတို့အနေနဲ့ အရာရာ အောင်မြင်မှု ရရှိလိုကြောင်း၊ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့ခွင့်ရတဲ့အပေါ် မျက်ရည်ပင် ဝဲမိကြောင်း ဖွင့်ဟခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒေါ့မွန်အသင်း ကွင်းလယ်လူ ဘယ်လင်ဟမ်ကို ခေါ်ယူရေးထက် စပိန်ကလပ် ဆိုစီဒက်အသင်းမှ တိုက်စစ်သမား မိုရီနိုကို ခေါ်ယူရေးကို အာရုံစိုက်လာဖွယ် ရှိနေပါတယ်။
စပိန်နောက်ခံလူ ရာမို့စ်ဟာ ပီအက်စ်ဂျီကို စွန့်ခွာဖို့ မစီစဉ်ထားဘူးလို့ ၎င်းရဲ့ အကိုဖြစ်တဲ့ အေးဂျင့် ရီနီက ဆိုပါတယ်။ ဗဟိုနောက်ခံလူ နွေရာသီမှာ ရီးရဲလ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့တာ ဖြစ်ပေမယ့် ဒဏ်ရာကြောင့် အသင်းသစ်မှာ တစ်ပွဲမှ မကစားရသေးပါဘူး။
မန်ချက်စတာ ယူနိုက်တက်က ဆိုးရှားကို ထုတ်ပယ်မယ် ဆိုရင်တောင် ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းကတော့ အိုးလ်ထရက်ဖို့ဒ်ရဲ့ နည်းပြနေရာကို တာဝန်ယူဖို့ ဖြစ်နိုင်ခြေ မရှိသလောက်ပဲလို့ သိရပါတယ်။

ဘာစီလိုနာဟာ ရက်ဘူးဆဲလ်ဘက် ရှေ့တန်းကစားသမား ကာရင် အဒီရယ်မီကို ဇန်နဝါရီမှာ ခေါ်ယူသွားမှာပါ။ ဂျာမနီနိုင်ငံအသင်းနဲ့ သုံးပွဲကစားထားရတဲ့ ၁၉ နှစ်အရွယ် ကစားသမားဟာ ပီအက်စ်ဂျီ၊ ဘိုင်ယန်၊ ဒေါ့မွန်နဲ့ လိုက်ပ်ဇစ်တို့ထံက စိတ်ဝင်စားမှုတွေလဲ ရရှိခဲ့တာပါ။