မန်ယူ တိုက်စစ်မှုးသစ် ဟွိုင်လန်း စပြီး ကြိတ်မှာကတော့ အာဆင်နယ်အသင်းပဲ လို့ နည်းပြ တန်ဟက် အတည်ပြု

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးသစ် ဟွိုင်လန်းဟာ မနက်ဖြန် တနင်္ဂနွေနေ့ကျရင် အာဆင်နယ်နဲ့ကစားမယ့် ပရီးမီးယားလိဂ်ပွဲမှာ ပွဲထွက် ကစားဖို့ ကြံ့ခိုင်မှုအပြည့်ရှိနေပြီလို့ နည်းပြအဲရစ်တန်ဟက်က အတည်ပြု လိုက်ပြီ ဖြစ်ပါတယ်။

ဒိန်းမတ် လူငယ်တိုက်စစ်မှူး ဟွိုင်လန်းဟာ အခုနွေရာသီအတွင်း အတ္တလန်တာကနေ ယူနိုက်တက်ကို ပေါင်(၇၂)သန်းနဲ့ပြောင်းရွှေ့ခဲ့ပေမယ့် နောက်ကျောဒဏ်ရာကြောင့် ရာသီအစပွဲတွေကို လွဲချော်ခဲ့ပါတယ်။

အခုအချိန်မှာတော့ ဟွိုင်လန်းဟာ ကြံ့ခိုင်မှုပြည့်ဝလာပြီဖြစ်တဲ့အတွက် အာဆင်နယ်နဲ့ပွဲမှာ ယူနိုက်တက် အသင်းအတွက် ပွဲဦးထွက်ကစားဖို့ရှိနေပါပြီ။

မီဒီယာတွေက အာဆင်နယ်နဲ့ပွဲမှာ ဟွိုင်လန်း ပါဝင်နိုင်မလားဆိုပြီး မေးမြန်းခဲ့တော့ အဲရစ်တန်ဟက်က အတည်ပြုလာခဲ့တာပါ။

“ဟုတ်ပါတယ်။ အခုတစ်ပတ်မှာ ဟွိုင်လန်းက လေ့ကျင့်ခန်းအပြည့်အဝပြုလုပ်ခဲ့ပြီး မနက်ဖြန်ကျရင် နောက်ဆုံး အဆင့် လေ့ကျင့်မှုပြုလုပ်သွားမှာပါ။

လေ့ကျင့်ခန်းအစီအစဉ်မှာ ဟွိုင်လန်းက ပုံစံကောင်းပြသနိုင်တာကြောင့် အာဆင်နယ်နဲ့ပွဲအတွက် လူစာရင်းမှာ ပါဝင်လာဖို့ရှိပါတယ်။ သူက အာဆင်နယ်နဲ့ပွဲမှာ ပွဲထွက်ကစားဖို့ အသင့်ရှိနေပြီလို့ ကျွန်တော်ထင်ပါတယ်”ဆိုပြီး ဖြေကြားခဲ့ပါတယ်။

အသက်(၂၀)သာရှိသေးတဲ့ ဟွိုင်လန်းဟာ ပရီးမီးယားလိဂ်ရာသီအဖွင့် (၃)ပွဲဆက်တိုက် လွဲချော်ခဲ့ပြီးတဲ့နောက် အခု တစ်ပတ်အတွင်း ယူနိုက်တက်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဟွိုင်လန်း ကြံ့ခိုင်မှုပြည့်ဝလာတာက အဲရစ် တန်ဟက်အတွက် သတင်းကောင်းဖြစ်ခဲ့ပါတယ်။

ယူနိုက်တက် အသင်းနောက်ခံလူ လုခ်ရှောဟာ ဒဏ်ရာကြောင့် (၁၀)ပတ်အထိအနားယူရမှာဖြစ်ပြီး ကွင်းလယ်လူ မေဆင်မောင့်ကလည်း နိုင်ငံတကာပွဲတွေအပြီးမှ ဘောလုံးပြန်ကစားနိုင်ဖို့ရှိပါတယ်။

အဲရစ်တန်ဟက်ဟာ ဘယ်နောက်ခံလူနေရာအတွက် စပါးအသင်းနောက်ခံလူ ရယ်ဂီယွန်ကို အငှားနဲ့ အရေးပေါ်ခေါ်ယူခဲ့ပြီး ရယ်ဂီယွန်ဟာ အာဆင်နယ်နဲ့ပွဲမှာ ပွဲဦးထွက်ကစားဖို့ရှိပါတယ်။

ဒါ့အပြင် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းမယ့် ဒီနေ့မှာ ယူနိုက်တက်အသင်း ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်မရာဘတ်ကို အငှားနဲ့ ခေါ်ယူနိုင်ပြီဖြစ်ပြီး အမ်မရာဘတ်ကတော့ အာဆင်နယ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ရှိ၊ မရှိ မသေချာသေးပါဘူး။