နာကျင်အချိန်ပို အသဲခွဲဂိုးများနဲ့အတူ ဂန်းနားတွေရဲ့ အနိုင်ယူခြင်း ခံလိုက်ရတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ အားမရစရာ ပွဲအကြောင်း

ဒီည အာဆင်နယ် – မန်ချက်စတာယူနိုက်တက်ပွဲကတော့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တချို့နဲ့ အတူ အိမ်ရှင် ဂန်းနားတို့က ၃-၁ နဲ့ အနိုင်ရသွားခဲ့ပြီ ဖြစ်ပါတယ်။

ပွဲကတော့ အသင်းကြီးတွေ ပီပီ အပြန်အလှန်သွင်းဂိုးတွေနဲ့ ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ အိမ်ရှင် အာဆင်နယ်က ကစားကွက်အသာစီးရခဲ့ပြီး ယူနိုက်တက်ကတော့ အမှားမရှိအောင် ထိန်းကစားကာ အာဆင်နယ်ဟာ ကွက်ကို အခွင့်ကောင်းယူဖို့ ဦးစားပေးခဲ့ပါတယ်။

အာဆင်နယ်က ဆက်တိုက်ဖိကစားခဲ့ပေမယ့် ယူနိုက်တက်ခံစစ်ကို မကျော်နိုင်ခဲ့ပါဘူး။ ပွဲချိန် ၂၇ မိနစ်မှာ ရက်ရှ်ဖို့ဒ်က တန်ပြန်တိုက်စစ်ကတဆင့် အဲရစ်ဆန်ရဲ့ ပေးပို့မှုကို ဆွဲပြေးကာ ဧရိယာထဲအရောက် ဝိုက်ကန်သွင်းပြီး ယူနိုက်တက်အတွက် ဦးဆောင်ဂိုးရယူပေးခဲ့ပါတယ်။

ဒါပေမယ့် အာဆင်နယ်ကလည်း ချက်ချင်းပဲ တိုက်စစ်ပြန်စခဲ့ပြီး ချေပဂိုးရခဲ့ကာ အိုဒီဂတ်က အနီးကပ်အပိုင် ပိတ်သွင်းခဲ့တာပါ။

ဒီနောက်မှာ အာဆင်နယ်ကလည်း ပွဲကို အနည်းငယ်ထိန်းကစားခဲ့ပါတယ်။ သူတို့ တိုက်စစ်ကို အရမ်းဖွင့်ကစားချိန်မှာ ယူနိုက်တက်ရဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်က အန္တရာယ်ပေးနိုင်ခဲ့လို့ သတိကြီးကြီးထားခဲ့တာပါ။ ဒါကြောင့်လည်း ပွဲကအနည်းငယ်အေးခဲ့ပြီး ပထမပိုင်းက ၁-၁ နဲ့ ပြီးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ယူနိုက်တက် တန်ပြန်တိုက်စစ်တောင် ကောင်းကောင်း မလုပ်နိုင်ခဲ့ဘဲ ရှိနေခဲ့ပြီး အာဆင်နယ်တိုက်စစ်ကိုပဲ ဂရုစိုက်နေခဲ့ရတာပါ။ ယူနိုက်တက်တိုက်စစ်မှာ မာရှယ်က လုံးဝခြေစွမ်းမပြနိုင်ခဲ့ဘဲ ပွဲချိန် ၆၀ ကျော်မှ သူ့နေရာကို ဟွိုင်လန်း ဝင်ကစားခဲ့ပါတယ်။

ဆက်တိုက်ဆိုသလို ဖိခံနေရတဲ့ ယူနိုက်တက်ဟာ လူစားလဲမှုတွေလုပ်ခဲ့ပြီးနောက် အဖိုးတန်အနိုင်ဂိုးပွဲချိန် ၈၈ မိနစ်မှာ ဂါနာချိုက လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဆွဲပြေးကာ အပိုင်ကန်သွင်းခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် ဂိုးမရခဲ့ပါဘူး။

နာကျင်အချိန်ပို ၈ မိနစ်ပေးခဲ့ရာမှာ ၆ မိနစ်မှာ အာဆင်နယ်တို့ အနိုင်ဂိုးရခဲ့ပြီး ဒီကလန်ရိုက်က အဖိုးတန်သွင်းဂိုးကို ရယူပေးသွားခဲ့ပါတယ်။ ထောင့်ကန်ဘောကတဆင့် ရလာတဲ့ အခွင့်အရေးကို အပိုင်ကန်သွင်းခဲ့ရာမှာ အိုနာနာပိတ်ထားတဲ့ထောင့်ကနေ ဝင်ခဲ့ပြီး အာဆင်နယ်တို့ အနိုင်ဂိုး ရရှိခဲ့ပါတယ်။

၂-၁ နဲ့ ပွဲပြီးပြီ ထင်ထားခဲ့ပေမယ့် နာကျင်အချိန်ပို ၁၁ မိနစ်မြောက်မှာ အာဆင်နယ် တိုက်စစ်မှုး ဂျေးဆုက ဂိုးထပ် သွင်းခဲ့တာကြောင့် အဆုံးမှာ အာဆင်နယ်က ၃-၁ နဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။