ဗာရန်း-မာတီနက်ဇ် တို့ ဒဏ်ရာ အခြေအနေ ဘယ်လိုရှိလဲ နည်းပြ တန်ဟက် ထုတ်ဖော် ပြောဆို
မန်ယူအသင်း အတွက် အဓိက အားထားရတဲ့ နောက်ခံလူ အတွဲဖြစ်တဲ့ ဗာရန်း-မာတီနက်ဇ် အတွဲရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး နောက်ဆုံး သတင်းထုတ်ပြန်ချက်တစ်ရပ် ထွက်လာပါတယ်။
အာဂျင်တီးနား လက်ရွေး စင်ဖြစ်တဲ့ လီဆန်ဒရို မာတီနက်ဇ်ဟာ အာဆင်နယ်ကို ၃-၁ ဂိုးနဲ့ ရှုံးခဲ့တဲ့ ပွဲစဉ် မှာ ပွဲချိန် ၆၇ မိနစ်အရောက် ဟယ်ရီမက်ဂွိုင်းယားနဲ့ လူစားလဲခံခဲ့ရတဲ့ ကစား သမားဖြစ်ပါတယ်။
မန်ယူဟာ အာဆင်နယ်နဲ့ပွဲကို ဗဟိုခံစစ်အတွဲနေရာမှာ မာတီနက်ဇ်-လင်ဒီလော့ဖ်အတွဲနဲ့ ပွဲထွက်လာခဲ့တာဖြစ်ပေမဲ့ ပွဲအပြီးမှာတော့ မက်ဂွိုင်းယား-ဂျွန်နီအီဗန်ဆိုတဲ့ အတွဲနဲ့ ပွဲသိမ်းခဲ့ရတာဖြစ်ပါတယ်။

အဲဒီပွဲမှာ ဆိုရင် ပွဲထွက် ကစားသမား နှစ်ယောက်ဖြစ်တဲ့ မာတီနက်ဇ်ရော လင်ဒီလော့ဖ် ပါ လူစားအလဲ ခံလိုက်ရတာပါ။
နှစ်ယောက်စလုံးကတော့ အကြောင်းအမျိုး မျိုး ကြောင့် လူစားလဲခံလိုက်ရတာဖြစ်ပြီး မာတီနက်ဇ်ရဲ့ ကိစ္စနဲ့ ပတ်သက် လို့တော့ နည်းပြတန်ဟတ်က အခုလို ပြောခဲ့တာရှိပါတယ်။
” လီချာက သူ့ရဲ့ ခြေထောက်မှာ နည်းနည်းနာနေတာကို ပြောပြီး ပြဿနာ နည်းနည်းရှိတယ် လို့ ပြောပါတယ်။ ဒါပေမဲ့ ဒါဟာ ဒဏ်ရာရသွားတာလားဆိုတာတော့ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်တို့ စောင့်ကြည့်ရမှာပေါ့။
ရောဂါရှာဖွေ စမ်းသပ်မှုတွေ ကျွန်တော်တို့လုပ်ပြီး ကြည့်ရမှာပေါ့ ” လို့ တန်ဟတ်က အာဆင်နယ်နဲ့ ပွဲအပြီးမှာ ပြောခဲ့တာရှိပါတယ်။
လက်ရှိမှာ မန်ယူနောက်ခံကစား သမားတွေနဲ့ပတ်သက်ပြီး မန်ချက်စတာ ညနေခင်း သတင်းအစီအစဉ်ကနေ တစ်စု တစ်စည်း တင်ဆက်ထားတဲ့ သတင်းတွေအရ လင်ဒီလော့ဖ်ဟာ နေ မကောင်းဖြစ်နေပြီး လာမယ့် စက်တင်ဘာ ၁၆ ရက်မှာ ကစားမယ့် ဘရိုက် တန်နဲ့ပွဲမှာတော့ ပြန်ပြီး ပါဝင်နိုင်မယ်လို့ သိရပါတယ်။
ရာဖေးလ်ဗာရန်းက တော့ လက်ရှိမှာ ကြွက်သားနာကျင်မှု ဒဏ်ရာကနေ ပြန်ပြီး သက်သာလာ နေပြီဖြစ်တာကြောင့် စက်တင်ဘာ နှောင်းပိုင်း၊ ဒါမှမဟုတ်ရင် အောက်တိုဘာ လဆန်းပိုင်းလောက်မှာ အသင်းနဲ့အတူ ပြန်ပြီး ပူးပေါင်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
တစ်ခုရှိတာကတော့ နောက်ခံလူ မာတီနက်ဇ်အနေနဲ့ ဘယ် အချိန်မှာ အသင်းနဲ့ပြန်ပြီး ပါဝင်နိုင်မလဲဆိုတာကိုတော့ အတိအကျ ပြောဖို့ ခက်နေတယ်လို့ မန်ချက်စတာ ညနေခင်း သတင်းက ဆိုပါတယ်။