ပြီးခဲ့တဲ့ ၁ဝ စုနှစ် အတွင်း လူခေါ်မှားမှုတွေကြောင့် အသားတင် ပေါင် ၁ ဘီလီယံကျော် အရှုံးပေါ်ခဲ့တဲ့ မန်ယူအသင်း

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုအတွင်း အပြောင်းအရွှေ့ဈေးကွက်များတွင် ကစားသမားများ ခေါ်ယူရာတွင် အသားတင် ပေါင် ၁.၁၉ ဘီလီယံအထိ အသုံးပြုခဲ့ပါတယ်။

၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် ယူနိုက်တက်ဟာ ကစားသမားသစ် ခေါ်ယူရန်အတွက် ပေါင် ၁.၁၉ ဘီလီယံ အသုံးပြုခဲ့ကြောင်း CIES Football Observatory က ဖော်ပြလာတာ ဖြစ်ပါတယ်။

ချဲလ်ဆီးက ပေါင် ၈၈၃ သန်းဖြင့် ဒုတိယနေရာမှာ ရပ်တည်နေပြီး ပြင်သစ်ကလပ် ပီအက်စ်ဂျီက ပေါင် ၈၆၅.၈ သန်းဖြင့် တတိယနေရာမှာ ရပ်တည်နေပါတယ်။

အာဆင်နယ်(ပေါင် ၇၄၅သန်း)နှင့် မန်စီးတီး(ပေါင် ၇၃၂သန်း)တို့လည်း ထိပ်ဆုံး ၅ သင်းစာရင်းမှာ ပါဝင်နေပါတယ်။ ပရီးမီးယားလိဂ်ကလပ် ၁၃ သင်းတို့ဟာ ထိပ်ဆုံး ၂၀ စာရင်းမှာ ပါဝင်နေပါတယ်။

CIES Football Observatory ဟာ ပြောင်းရွှေ့ကြေး၊ ငှားရမ်းခကြေး၊ ကလပ်အားပေးရတဲ့ အပိုဆုကြေးငွေ တို့အား စစ်တမ်းပြုစု တွက်ချက်ထားတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ၂၀၁၆ ခုနှစ်တုန်းက ပေါလ်ပေါ့ဘာကို ပေါင် ၈၉.၅ သန်းဖြင့်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တုန်းက လူကာကူကို ပေါင် ၇၅ သန်းဖြင့်လည်းကောင်း၊ ဟယ်ရီမက်ဂွိုင်းယားကို ပေါင်သန်း ၈၀ ဖြင့်လည်းကောင်း ခေါ်ယူကာ ပရီးမီးယားလိဂ်ပြောင်းရွှေ့ကြေးစံချိန်များ တင်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ကစားသမားခေါ်ယူရေးအတွက် ပေါင် ၂.၂၅ ဘီလီယံအထိ အသုံးပြုခဲ့ပေမဲ့လည်း ကစားသမားရောင်းချမုမှ ပေါင် ၁.၃၇ ဘီလီယံအထိ ရှာဖွေထားနိုင်ပါတယ်။

ထူးခြားတာကတော့ နှစ်စဉ်နှစ်တိုင်း ထိပ်တန်းကစားသမားများကို ခေါ်ယူနေတဲ့ ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တာ ကာလအတွင်းမှာ အသားတင်အသုံးစရိတ် ပေါင် ၂၇၇.၆ သန်းတည်းသာ ရှိပြီး အဆင့် ၁၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

နော်တင်ဟမ်ဖောရက်စ်က အသားတင်အသုံးစရိတ် ပေါင် ၂၆၅.၈ သန်းဖြင့် အဆင့် ၂၀ နေရာမှာ ရပ်တည်နေပါတယ်။