အိုနာနာနဲ့ မေဆန်မောင့် တို့ အပေါ် သူ ဘယ်လို ယုံကြည်မျှော်လင့်ထားသလဲ ဖွင့်ဟလာတဲ့ ဘရူနို ဖာနန်ဒက်စ်
မန်ချက်စတာ ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ဂိုးသမားသစ် အိုနာနာနဲ့ ကွင်းလယ်သစ် မေဆန်မောင့်တို့နဲ့ ပတ်သတ်ပြီး သူ မျှော်လင့်ထားတာတွေကို ထုတ်ဖော် ပြောလာပါတယ်။
ဖာနန်ဒက်စ်က အိုနာနာ တစ်ယောက် ယူနိုက်တက်မှာ အောင်မြင်နိုင်ပြီး ဒီဂီယာနေရာကို အကောင်းဆုံး အစားထိုးနိုင်မယ့်သူလို့ ယုံကြည်နေပါတယ်။
အိုနာနာဟာ အခုနွေရာသီတုန်းက ပေါင် ၄၇ သန်းနဲ့ အင်တာမီလန်အသင်းထံကနေ ယူနိုက်တက်ထံ ပြောင်းလာခဲ့တာဖြစ်ပါတယ်။

အသက် ၂၇ နှစ်သားဟာ ယူနိုက်တက်အသင်းနဲ့ ပူးပေါင်းဖို့ ယူနိုက်တက်မြေကို လိုက်လာခဲ့တာဖြစ်ပြီး တည်ငြိမ်တဲ့စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပါတယ်။
တန်ဟက်ကတော့ အေဂျက်တပည့်ဟောင်းကို ယူနိုက်တက်မှာ ဘောလုံးပိုင်ဆိုင်မှုနည်းစနစ်ပိုင်း ဆော့ဖို့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် နည်းစနစ်ပိုင်းအရ ဖာနန်ဒက်စ်က ယူနိုက်တက်ဂိုးပေါက်မှာ အိုနာနာတစ်ယောက် တာဝန်ယူနိုင်တယ်ဆိုတာကို သိနေပါတယ်။
“ယေဘုယျအားဖြင့် ယူနိုက်တက်ဂိုးပေါက်မှာ အိုနာနာကို တစ်ယောက်ယောက်က ရွေးချယ်မယ်ဆိုရင် သူ့မှာ ကြီးမားတဲ့ကိုယ်ရည်ကိုယ်သွေးရှိနေပါတယ်။ ဒီအသင်းမှာက ဂိုးသမားအများကြီးမရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဗန်ဒါဆားလ်ပြီးနောက် ဒီဂီယာက ဒီအသင်းမှာ ၁၂ နှစ်ကစားခဲ့တာကြောင့်ပါ။
သူက အခုဒီနေရာမှာကစားနေပြီး အသင်းအတွက် တစ်စုံတစ်ခုယူဆောင်လာပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ နောက်တန်းကနေ ကစားနိုင်တဲ့အရည်အချင်း သူ့မှာရှိပါတယ်။ ဒါပေမယ့် သူက ပင်နယ်တီကာကွယ်မှုတွေမှာလည်း ကောင်းမွန်ပါတယ်။ အဲ့တာက သူ့ဆီကနေ ကျွန်တော်တို့မျှော်လင့်နိုင်တဲ့အရာပါ”လို့ ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။
အိုနာနာကတော့ ယူနိုက်တက်မှာ အဆင်ပြေနေပေမယ့် မေဆင်မောင့်က ယူနိုက်တက်မှာ ရုန်းကန်နေရပြီး ချဲလ်ဆီးကနေ ပြောင်းလာပြီးကတည်းက ပုံစံကောင်းမရသေးပါဘူး။
ဒါ့အပြင် မောင့်ဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ အာဆင်နယ်တို့ ပွဲတွေကို ဒဏ်ရာပြဿနာကြောင့် လွဲချော်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဖော် ဖာနန်ဒက်စ်ကတော့ မေဆင်မောင့်ဟာ အောင်မြင်နိုင်မယ့်သူလို့ ထောက်ခံခဲ့ပါတယ်။
“မောင့်က ထိပ်တန်းကစားသမားပါ။ သူ့မှာအရည်အချင်းတွေ အများကြီးရှိနေပါတယ်။ လူတိုင်းက သူ ဘယ်လို ကစားသမားလဲဆိုတာ သိပါတယ်။ အသင်းအတွက် သူဘယ်လောက်အထိ အာရုံစိုက်နေလဲဆိုတာကိုလည်း မြင်နိုင်ပါတယ်။
အသင်းကို အကောင်းဆုံးဖြစ်အောင် သူကူညီချင်ပါတယ်။ သူကအသင်းမှာ မကြာခင်အထိုင်ကျလာမှာပါ”လို့ ဖာနန်ဒက်စ်က ပြောကြားခဲ့ပါတယ်။