ဘာစီလိုနာ မန်နေဂျာဖြစ်လာတဲ့ အကိုကြီး ဇာဗီထံ မက်ဆေ့ ပိုခဲ့တဲ့ မက်ဆီ

ဘာစီလိုနာအသင်းဟာ နည်းပြကေိုးမန်းကို ထုတ်ပယ်လိုက်ပြီးနောက် အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ ဇာဗီကို နည်းပြအသစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

ဘာစီလိုနာဟာ အသင်းကို ပြန်လည် တည်ဆောက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် ကစားသမားဟောင်း ဇာဗီကို ခေါ်ယူခဲ့တာဖြစ်တယ်။ မနေ့ကညက ဘာစီလိုနာ အိမ်ကွင်း နူးကမ့်မှာ ဇာဗီကို နည်းပြသစ်အဖြစ် မိတ်ဆက်မှုပြုလုပ်သွားခဲ့ပြီး ပရိသတ်များစွာ လာရောက် အားပေးခဲ့ကြပါတယ်။

ဇာဗီကပဲ အသင်းဖော်ဟောင်းဖြစ်တဲ့ လက်ရှိ ပီအက်စ်ဂျီအသင်းသား မက်ဆီထံက မက်ဆေ့တစ်စောင် ရခဲ့တယ်လို့ ဝန်ခံခဲ့တယ်။ ဇာဗီကတော့ မက်ဆီက ကံကောင်းဖို့ ဆုတောင်းပေးတဲ့ စာကို ပေးပို့ခဲ့တာပါလို့ ထုတ်ပြောသွားခဲ့ပါတယ်။

ဆက်ပြီးလည်း ဇာဗီက “အားလုံးကို ကျေးဇူးတင်ပါတယ်၊ ငိုချင်လောက်အောင်ပါပဲ၊ ကလပ် နဲ့အသင်းက ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်၊ အခု ကျွန်တော် ပြောနိုင်တာ တစ်ခုပဲရှိပါတယ်၊ ကျွန်တော်တို့ဟာ ကမ္ဘာ့ပေါ်က အကောင်းဆုံးအသင်းပါပဲ၊ အခုပြန်ရောက်လာတာက ကျွန်တော်အတွက် အရမ်းကို စိတ်လှုပ်ရှားစရာဖြစ်စေခဲ့ပါတယ်။

ဘာစီလိုနာ အဓွန့်ရှည်ပါစေ၊ ကတ်တလန် အဓွန်ရှည်ပါစေ ကျွန်တော်တို့ အရာအားလုံးကို အောင်နိုင်ချင်ပါတယ်။

အရှုံးဆိုတာ ကျွန်တာ်တို့ဆီမှာ ရှိသင့်တဲ့အရာ မဟုတ်ပါဘူး၊ မနက်ဖြန်မှာ ကျွန်တော်ဘဝသစ်ကို စပါမယ်။ လက်တလောမှာ အသင်းက ခက်ခဲ့တဲ့ အခြေအနေတစ်ခုကို ရောက်နေပါတယ်၊ ဒါပေမဲ့လည်း ကျွန်တော်တို့မှာ ရည်မှန်းချက်တွေရှိတယ်၊ ကျွန်တော်ကို ခန့်အပ်ဖို့ယုံကြည့်ချက်ရှိနေတဲ့ အသင်းပိုင်ရှင်တွေကိုလည်း ကျေးဇူးတင်ပါတယ်။

ကစားသမားတွေကို ပြောချင်တာက အကောင်းဆုံးဆိုတဲ့ အရာတွေကို ကျွန်တော်တို့အတူတူရှာဖွေကြရမှာပါ၊ စည်းမျဉ်း စည်းကမ်းတွေနဲ့ ထိန်းသိမ်းသွာမှာပါ၊ ဒီလိုမလုပ်ရင် အားလုံးက ပရမ်းပတာဖြစ်သွားမှာပါ၊ ဒါပြီးရင်တော့ လေးစားမှုပေါ့။

ကျွန်တော်ကို ဂွာဒီယိုလာနဲ့ ခိုင်းနှိုင်းနေတာက ကျွန်တော်အတွက် အောင်မြင်မှုတစ်ခုလိုပါပဲ ၊ သူဟာ ကမ္ဘာ့ပေါ်မှာ အကောင်းဆုံး နည်းပြတစ်ယောက်ပါ ၊ သူ့နဲ့နှိုင်းယှဉ်မယ်ဆိုရင် ကျွန်တော်က အပြတ်အသတ်ကြီး ကျန်ခဲ့မှ ာသေချာပါတယ် ” လို့ပြောဆိုခဲ့ပါတယ် ။

ဇာဗီဟာ ဘာစီလိုနာအသင်းအတွက် ၁၇ နှစ်တာကာလအတွင်း ပွဲပေါင်း ၇၆၇ ပွဲကစားခဲ့ကာ အဓိက ဆုဖလား အားလုံးကို အောင်မြင်ခဲ့သူပဲ ဖြစ်ပါတယ်။