ဟွိုင်လန်းက ကြိုးစားတဲ့ ကလေး တစ်ယောက် လို့ ချီးကျူးလိုက်ပြီး တွဲဖက် အစွမ်းပြချင်နေတဲ့ ဘရူနို ဖာနန်ဒက်စ်
မန်ချက်စတာယူနိုက်တက် ကွင်းလယ် ကစားသမား ဘရူနိုဖာနန်ဒက်ဟာ ဒီရာသီမှာ တိုက်စစ်မှူသစ် ဟွိုင်လန်းနဲ့အတူ အားကောင်းတဲ့ အတွဲအဖက်တစ်ခု တည်ဆောက်ဖို့ မျှော်လင့်နေပါတယ်။
ဒိန်းမတ်သား တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့အပတ်က အာဆင်နယ်ကို ၃-၁ နဲ့ ရှုံးခဲ့တဲ့ပွဲအတွင်း လူစားဝင်ကစားပြီး ယူနိုက်တက်အတွက် ပွဲဦးထွက်ခဲ့တာပါ။

ပေါင် ၇၂သန်းတန် ကစားသမားဟာ ကလပ်အတွက် အဆုံးသတ်သေချာတဲ့ ဂိုးသွင်းရှင်တစ်ယောက် ဖြစ်လာနိုင်တယ်လို့ ယူနိုက်တက် ပရိသတ်တွေက မျှော်လင့်နေသလို ဖာနန်ဒက်စ်ကလဲ သူ့အသင်းဖော်သစ်အတွက် ကူညီပေးချင်နေတာ ဖြစ်ပါတယ်။
“ ဟွိုင်လန်း က လူတိုင်းနဲ့ စကားပြောဖို့ အမြဲကြိုးစားနေတတ်သူပါ။ အသင်းနဲ့ ထဲထဲဝင်ဝင်ဖြစ်ဖို့ အလုပ်ကြိုးစားတတ်တဲ့ ကလေးတစ်ယောက်ပါပဲ။ တတ်နိုင်သမျှ အမြန်ဆုံး သူ ကြံ့ခိုင်မှုရချင်တယ်။ သူက ကျွန်တော်တို့်အတွက် အင်အားတွေ၊ သွင်းဂိုးတွေ အများကြီး ယူလာပေးလိမ့်မယ်လို့ထင်ပါတယ်။
ကျွန်တော် သူနဲ့ အတွဲအဖက်တစ်ခု တည်ဆောက်ချင်ပါတယ်။ တခြား တောင်ပံကစာသမားတွေ၊ တခြား တိုက်စစ်မှူး တွေနဲ့ရော တည်ဆောက်ချင်တာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်အမြဲပြောနေကျအတိုင်း တိုက်စစ် ကစားသမားတွေရဲ့နောက်မှာရှိတဲ့ လူတိုင်းက သူတို့ကို ကူညီပေးရမှာပါ။
ကျွန်တော်တို့ တိုက်စစ်ကစားသမားတွေကို ဂိုးတွေသွင်းစေချင်တယ်။ ပရိသတ်တွေရှေ့မှာ အောင်ပွဲခံစေချင်တယ်။ ဂိုးသွင်းတဲ့သူက ကိုယ်မဟုတ်ရင်တောင်မှ ခံစားချက်ကောင်းပါတယ်”လို့ ဘရူနိုက ပြောကြားခဲ့တာ ဖြစ်ပါတယ်။