အင်္ဂလန် ထိပ်သီး နှစ်သင်းမှ အသင်းသား နှစ်ဦးကို ခေါ်ယူသွားဖို့ ချိန်ရွယ်လာတဲ့ ရှက်ချန်ကို

စီးရီးအေကလပ် ဂျီနိုအာအသင်း နည်းပြသစ်ဖြစ်လာတဲ့ ရှက်ဖ်ချန်ကိုက ချယ်ဆီးအသင်းနဲ့ မန်စီးတီးအသင်းတို့မှာ ပွဲကစားခွင့်တွေ မရဖြစ်နေတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ ချိန်ရွယ်လာပါတယ်။

တနင်္လာနေ့မှာပဲ စီးရီးအေအသင်း နည်းပြသစ်အဖြစ် ၂၀၂၄ ခုနှစ်ထိ တာဝန်ယူမယ့် ရှက်ဖ်ချန်ကိုဟာ တစ်နှစ်ကို ပေါင် ၁.၇ သန်းရမယ့် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီ ဖြစ်ပါတယ်။ စီးရီးအေကလပ်ဟာ တန်းဆင်းဇုန်ရဲ့အထက် အဆင့် ၁၇ နေရာမှာ ရပ်တည်နေတာဖြစ်ပြီး နည်းပြသစ်ကတော့ ဥရောပဝင်ခွင့် တစ်နေရာထံ ပြန်ပို့နိုင်ဖို့ ကြိုးစားပေးရမှာဖြစ်တယ်။

ယူကရိန်းတိုက်စစ်မှူးဟောင်းက ချယ်ဆီးအသင်းမှ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ပူလီဆစ်နဲ့ တစ်နိုင်ငံတည်း ဘယ်အစွန်လူ ဇင်ချန်ကိုတို့ကို သူ့ရဲ့ ပထမဆုံး ခေါ်ယူမှုတွေအဖြစ် ချိတ်ဆက်မှု လုပ်လိုနေပါတယ်။

ရှက်ဖ်ချန်ကိုဟာ ကလပ်ပိုင်ရှင်နဲ့အတူ လူစာရင်းအတွက် ရင်းနှီးမြုပ်နှံမှုပိုင်း ပြုလုပ်ပေးရေး ဆွေးနွေးမှုဗတွလည်း ရှိထားခဲ့ပြီဖြစ်ပါတယ်။ ရှက်ဖ်ချန်ကိုရဲ့ ပစ်မှတ်နှစ်ဦးကို ခေါ်ယူရေးမှာ အေစီမီလန်ကလည်း ပါဝင်လိုနေတာကြောင့် အသင်းဟောင်းနဲ့အတူ ဈေးကွက်ထဲ အပြိုင် လှုပ်ရှားရဖွယ် ရှိနေပါတယ်။

ယူကရိန်းလက်ရွေးစင်ကို ကိုင်တွယ်ခဲ့စဉ်တည်းက ရှက်ဖ်ချန်ကိုဟာ ဇင်ချန်ကိုအား အတော်လေး နေရာပေးခဲ့တာဖြစ်တယ်။ ဘယ်အစွန်လူဟာ မန်စီးတီးမှာ ကန်ဆယ်လို တောက်ပနေမှုကြောင့် ပွဲကစားခွင့်တွေ လျော့နည်းနေတာဖြစ်ပါတယ်။ ဒါ့အပြင် မီလန်တောင်ပံသမား ဆာမူနဲ့ ဒိုင်နမိုကိဗ်မှ တိုက်စစ်သမားတွေကိုလည်း ဂျီနိုအာဘက်က ချိန်ရွယ်နေပါသေးတယ်။

ဂန္တဝင်တိုက်စစ်မှူးဟာ နိုင်ငံတကာသီတင်းပတ်အပြီးမှာ ဆရာဟောင်း မော်ရင်ညိုရဲ့ ရိုးမားကို ရင်ဆိုင်ခြင်းဖြင့် စီးရီးအေနည်းပြဘဝကို စတင်ရမှာပါ။ ယူရိုမှာ နာမည်ရခဲ့တဲ့ ရှက်ဖ်ချန်ကိုရဲ့ အသင်းဟာ စီးရီးအေမှာ ပြန်ပြီး တောက်ပလာမလားက စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။