အမ်မရာဘတ် ကို ကနဦး အငှားနဲ့ ခေါ်ယူခဲ့တဲ့ မန်ယူအသင်းရဲ့ စာချုပ်မှာ မြှုပ်ကွက် တစ်ခု ရှိနေ
နည်းပြ တန်ဟတ်ရဲ့ မန်ချက်စတာယူနိုက်တက်အသင်းက ကွင်းလယ်ပိုင်းအတွက် အားဖြည့်ခေါ်ယူထားခဲ့တဲ့ အမ်မရာဘတ်ရဲ့ အငှားစာချုပ်တွင် ဖီအိုရင်တီးနား အသင်းက သာမန်စာချုပ်တွေနဲ့ မတူညီတဲ့ လျှို့ဝှက်သဘောတူညီချက် တစ်ရပ် ထည့်သွင်းထားခဲ့ကြောင်း သတင်းထွက်ပေါ်လာပါတယ်။
ယူနိုက်တက်အသင်းက ကွင်းလယ်ပိုင်းဖြည့်တင်းရန် ကစားသမားရှာဖွေနေချိန် ကစားဟန်အရပါ သင့်လျှော်မှုရှိတဲ့ အမ်မရာဘတ်ကို ကနဦးပစ်မှတ်ထားခဲ့ပေမဲ့ ဘဏ္ဍာရေးစည်းမျည်းမချိုးဖောက်မိစေရန် တုံ့ဆိုင်းနေချိန် ကစားသမားရဲ့ အို့ထရက်ဖို့ဒ်ကွင်းမှာကစားလိုတဲ့ စိတ်အားထက်သန်နေတာကြောင့် ပြီးခဲ့တဲ့ ရာသီကြို အပြောင်းအရွှေ့ ကာလအတွင်းမှာပဲ အငှားစာချုပ်ဖြင့် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာမြေမှာ ကစားခွင့်ရရေးအတွက် ဆန္ဒပြင်းပြနေတဲ့ အမ်မရာကို ဖိအိုရင်တီးနားအသင်းက လိုက်လျောကာ ယူနိုက်တက်အသင်းကို ကနဦးအငှားပုံစံဖြင့် စေလွှတ်ခဲ့ပေမဲ့ စာချုပ်အတွင်းမှာ ယူနိုက်တက်အသင်းကသာ အငှားစာချုပ်ပါအတိုင်း အပြီးခေါ်ယူခြင်းမရှိပါက ကစားသမားရဲ့ စာချုပ်ကို အလိုလိုနေရင်း တစ်နှစ် သက်တမ်း တိုးမြှင့်သွားမှာ ဖြစ်ပါတယ်။
မော်ရိုကိုလက်ရွေးစင်အသင်းနဲ့ အတူ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဘောလုံးပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုရယူနိုင်ခဲ့အပြီးမှာ အမ်မရာဘတ်ရဲ့ ခြေစွမ်းပိုင်းအပေါ် ဥရောပကလပ်အသင်းကြီးအချို့က မျက်စိတွေ့ခဲ့ကြပြီး ခေါ်ယူရန် ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ကြရာ အမ်မရာဘက်အနေဖြင့် ငယ်ဘဝ အိမ်မက်ကလပ် ယူနိုက်တက်အသင်းကိုသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
အဲရစ်ဆင်ရဲ့ ကြံ့ခိုင်မှုအားနည်းချက်အပြင် မေဆင်မောင့်ရဲ့ ဒဏ်ရာအခြေအနေကြောင့်ပါ ကွင်းလယ်ပိုင်းလိုအပ်ချက် ပေါ်လွင်လာတာကြောင့် ယူနိုက်တက်အသင်းက အပြောင်းအရွှေ့ကာလတစ်လျှောက် ပစ်မှတ်ထားခဲ့တဲ့ မော်ရိုကိုစတားကို ကနဦး ငှားရမ်းခ ယူရို ၁၀သန်း အပြင် ယူရို ၂၅သန်းဖြင့် အပြီးဝယ်ယူခွင့်ပါဝင်တဲ့ စာချုပ်တစ်ရပ်နဲ့အတူ ချုပ်ဆိုခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းက ရှေ့လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပုံစံကောင်းရနေတဲ့ နည်းပြ ဒီဇာဘီရဲ့ ဘရိုက်တန်အသင်းကို ယှဉ်ပြိုင် ကစားသွားရမှာဖြစ်ပြီး မော်ရိုကိုကြယ်ပွင့်အနေဖြင့် ဒဏ်ရာအခြေအနေကြောင့် ပါဝင်ကစားပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။