ဆန်ချိုနဲ့ နည်းပြတန်ဟက်၊ မန်ယူ တာဝန်ရှိသူတွေရှေ့ ဆွေးနွေးမှု ရလဒ် ထွက်ပေါ်လာခဲ့ပါပြီ

ပြီးခဲ့တဲ့အပတ်မှာ ဖြစ်ပွားခဲ့တဲ့ အချင်းများမှု အတွက် မနေ့က မန်ချက်စတာ ယူနိုက်တက် တောင်ပံတိုက်စစ် ကစားသမား ဆန်ချိုနဲ့ နည်းပြ အဲရစ် တန်ဟက် အပါအဝင် အသင်းရဲ့ တာဝန်ရှိသူတွေ ဆွေးနွေးမှု လုပ်ခဲ့ရာ အဆင်မပြေဖြစ်ခဲ့ကြောင်း သိရပါတယ်။

နည်းပြ တန်ဟက် နဲ့ ဂျေဒန် ဆန်ချိုတို့က ပြီးခဲ့တဲ့အပတ်မှာ ပွဲကစားချိန်နဲ့ ပတ်သတ်ပြီး စကားများခဲ့ကြတာ ဖြစ်ပြီး တန်ဟက်က ဆန်ချိုဟာ လေ့ကျင့်ရေးကွင်းမှာ မကြိုးစားတာကြောင့် ပွဲထွက်ခွင့် မပေးနိုင်ဘူးလို့ အပြတ် ပြောခဲ့သလို ဆန်ချိုကလည်း တန်ဟက် ဟာ ပုဂ္ဂိုလ်စွဲကြောင့် သူ့ကို ပွဲကစားခွင့် မပေးတာလို့ ယုံကြည်နေပါတယ်။

ကနဦးမှာ သူတို့နှစ်ဦးက လေ့ကျင့်ရေးကွင်းမှာသာ စကားများခဲ့ကြတာ ဖြစ်ပေမယ့် အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာ သူတို့နှစ်ဦးရဲ့ အကွဲအပြဲက လူသိရှင်ကြား ဖြစ်လာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက တန်ဟက် နဲ့ ဆန်ချိုတို့ ပြန်လည် အဆင်ပြေစေဖို့ အတွက် ယမန်နေ့မှာ နှစ်ဦးကြား အစည်းအဝေး တခု လုပ်ပေးခဲ့ပေမယ့် ပြန်အဆင်မပြေခဲ့သလို နှစ်ဦးကြားမှာ သဘောထား တင်းမာမှုတွေ ဆက်လက် ရှိနေဆဲပဲလို့ မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် တချို့က ဖော်ပြထားကြပါတယ်။

အင်္ဂလန် သတင်းတွေ အဆို အရ တန်ဟက်ဂ်နဲ့ ဆန်ချိုတို့ရဲ့ အစည်းအဝေး မအောင်မြင်ခဲ့တဲ့နောက် ဆန်ချိုက မန်ချက်စတာ ယူနိုက်တက်ကို လာမယ့် ဆောင်းဈေးကွက်မှာ စွန့်ခွာဖို့ ယတိပြတ် ဆုံးဖြတ်ချက် ချခဲ့သလို တန်ဟက် ကလည်း အသင်းမှာ မပျော်တော့တဲ့ ဆန်ချိုကို ရောင်းချဖို့ တာဝန်ရှိသူတွေကို အသိပေးခဲ့ကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ဆန်ချိုကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားပေမယ့် အငှားနဲ့ ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားမှာ မဟုတ်ပဲ အပြီးသတ် ရောင်းချဖို့သာ ပြင်ဆင် ထားကြောင်း ဆိုပါတယ်။