နည်းပြ တန်ဟက်ကို မတောင်းပန်နိုင်ဘူး ငြင်းဆန်ပြီး ဆန်ချို တစ်ကိုယ်တော် လေ့ကျင့်ရေး ဆင်းနေပါပြီ

မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမား ဂျေဒန်ဆန်ချိုဟာ အသင်းနဲ့အတူ လေ့ကျင့်ရေး ဆင်းခွင့် ပိတ်ပင် ခံခဲ့ရသော်လည်း နည်းပြ အဲရစ်တန်ဟက်ကိုတော့ တောင်းပန်မှာမဟုတ်ဘူးလို့ ငြင်းဆိုထားကြောင်း သိရပါတယ်။

ဒါကြောင့် ယခုအခါမှာတော့ဆန်ချိုဟာ ပထမအသင်းနဲ့ဝေးကွာနေပြီး တစ်ကိုယ်တည်း လေ့ကျင့်ရေး ဆင်းနေရပြီ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်ကလည်း ..

“ဂျေဒန်ဆန်ချိုဟာ ယူနိုက်တက်ရဲ့ပထမအသင်းနဲ့ ပူးပေါင်းခြင်းမရှိဘဲ တစ်ကိုယ်တော် လေ့ကျင့်ရေး အစီအစဉ်များပြုလုပ်နေမှာဖြစ်ပြီး အသင်းရဲ့စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာကိုဖြေရှင်းပြီးတဲ့အထိ ဆိုင်းငံ့ ခံထားရမှာဖြစ်ပါတယ်” လို့တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။

သို့သော် ဆန်ချိုဟာ အာဆင်နယ်ကို ၃-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ အဲရစ်တန်ဟက်ရဲ့ လူသိရှင်ကြားဝေဖန်မှုကို ဆိုရှယ်မီဒီယာမှတစ်ဆင့် ပြန်လည်ချေပခဲ့တဲ့ ပို့စ်ကိုတော့ ဖျက်ပစ်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါပွဲစဉ်အပြီးမှာ ဆန်ချိုကို အသင်းလူစာရင်းမှ ထုတ်ပယ်ခဲ့တဲ့အကြောင်းနဲ့ ပတ်သက်ပြီး တန်ဟက်က

” လေ့ကျင့်ရေးကွင်းမှာပြသခဲ့တဲ့ သူ့ရဲ့စွမ်း‌ဆောင်ရည်အရ ကျွန်တော်တို့သူ့ကို မရွေးချယ်ခဲ့ပါဘူး။ မန်ချက်စတာ ယူနိုက်တက်မှာ ဆိုရင် ကစားသမားတွေအနေနဲ့ နေ့တိုင်းအဆင့်တက်နေဖို့လိုပါတယ်။ တိုက်စစ်မှာလည်း ရွေးချယ်စရာကစားသမားတွေရှိနေတာကြောင့် ဒီပွဲမှာ ဆန်ချိုကို ချန်လှပ်ခဲ့တာပါ” လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန် သတင်းဌာနတွေ ရဲ့အဆိုအရ ဆန်ချိုဟာ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှ ပြတ်ပြတ်သားသား ထုတ်ပယ်ခြင်းခံခဲ့ရတာကြောင့် ပထမအသင်းလူစာရင်းအတွက် ထည့်သွင်းစဉ်းစားခံရနိုင်ချေမရှိဘူးလို့ သိရှိရပါတယ်။

ယခုအခါ အင်္ဂလန်သား အသင်းရဲ့ အကယ်ဒမီအဆောက်အဦမှာ တစ်ကိုယ်တော်လေ့ကျင့်ခန်းဆင်းနေရပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမားဟာ စနေနေ့မှာ ယှဉ်ပြိုင်မယ့် ဘရိုက်တန်နဲ့ပွဲစဉ်အတွက် ပါဝင်နိုင်မှု ရှိ မရှိဟာ ယူနိုက်တက်ရဲ့ ဆုံးဖြတ်ချက်အပေါ် မူတည်နေတယ်လို့ သိရှိရပါတယ်။