မန်ယူ ရှုံးပွဲ အပြီး လောင်နေခဲ့တဲ့ နဗီးလ်နဲ့ ကာရေဂါရဲ့ လှောင်ပြောင်မှု၊ အိုနာနာ အား အကြံပြုမှု
စနေနေ့ညနေက မန်ချက်စတာယူနိုက်တက်က ဘရိုက်တန်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူ နောက်ခံလူဟောင်းကြီး ဂယ်ရီ နဗီးက ဒေါကန်ပေါက်ကွဲခဲ့သလို လီဗာပူး နောက်ခံလူ ဂျေမီ ကာရေဂါကတော့ နဗီးနဲ့ မန်ယူ ဂိုးသမား အိုနာနာတို့ကို လှောင်ပြောင်ခဲ့ပါတယ်။
ဘရိုက်တန်ဟာ ဒန်နီ ဝဲလ်ဘက်ခ်၊ ပါစကယ် ဂရို့စ်၊ ဂျာအို ပက်ဒရိုတို့ရဲ့ သွင်းဂိုးတွေကြောင့် အဝေးကွင်းအနိုင် ၃ မှတ်ကို ထိုက်ထိုက်တန်တန် ရရှိသွားခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အတွက်တော့ ယခုရာသီ ပရီးမီးယားလိဂ် ၅ ပွဲမှာ တတိယမြောက် ရှုံးပွဲဖြစ်လာခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ရှုံးပွဲအပြီးမှာ ဂယ်ရီ နဗီးဟာ အသင်းရဲ့ လက်ရှိအခြေအနေအတွက် ဂလေဇာမိသားစုကို နောက်ထပ်တစ်ကြိမ် ပြစ်တင်ကြိမ်းမောင်းခဲ့တာဖြစ်ပြီး ၁၀ နှစ်ကျော် ကွင်းတွင်း၊ ကွင်းပြင်ပမှာ လောဘကြီးမှု၊ စည်းကမ်းပိုင်း ယိုယွင်းမှု၊ ဆုံးဖြတ်ချက် မှားယွင်းမှု၊ မသေချာမှုတွေနဲ့ အသင်းကို လည်ပတ်ခဲ့တာကြောင့် အခုလိုမျိုး အခြေအနေဖြစ်လာခဲ့တာလို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။
ဂျေမီ ကာရေဂါက ဂယ်ရီ နဗီးရဲ့ သုံးသပ်ပြောဆိုမှုကို လှောင်ပြောင်ဖို့ အခွင့်ကောင်းယူခဲ့ပြီး “တစ်ချိန်လုံး ကျွန်တော် တွေးခဲ့တာက ဆာအဲလက်စ် ဖာဂူဆန်က ကျွန်တော်တို့(လီဗာပူးလ်)ကို ပရီးမီးယားလိဂ်ဖလားမရအောင် တားဆီးခဲ့တယ် ဆိုတာပဲ။ ဒါပေမယ့် အခု ခင်ဗျားပြောပုံအရဆို မာတင် အက်ဒွပ်စ် (မန်ယူနိုက်တက်ဥက္ကဌဟောင်း) ဖြစ်နေပါရောလား”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဂယ်ရီ နဗီးက ပြီးခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲမှာ မက်ဂွိုင်းယားကို အော်ဟစ်ခဲ့တဲ့ အိုနာနာနဲ့ပတ်သက်ပြီး လီဗာပူး လ်ဂန္တဝင်ရဲ့ ကော်လံထဲက ရေးသားချက်ကို ရည်ညွှန်းပြီး ပြန်မေးခွန်းထုတ်ခဲ့ပါတယ်။
နဗီး က “ခင်ဗျားရဲ့ အိုနာနာ ဆောင်းပါး အပြီး ဒီပွဲမှာ ပြောစရာရှိသေးလား”လို့ ပြန်ပြောခဲ့ချိန်မှာ ကာရေဂါက “ဒီနေ့ပွဲအပြီးမှာ ပြောစရာက ပိုတောင် ရှိပါသေးတယ်။ သူ့ကို ပြောလိုက်ပါ။ ကစားသမားတွေကို လက်တွေ ဝှေ့ရမ်းနေမယ့်အစား ဂိုး ကန်ချက်တွေကို ကာကွယ်ဖို့ အဲဒီလက်တွေကို အသုံးပြုလိုက်ပါလို့”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။