မန်ချက်စတာ ယူနိုက်တက် အသင်းသား တစ်ဦးရဲ့ ဟီးရိုးလုပ်ချင်တဲ့ လုပ်ပေါက်ကို ရှမိုက်ကယ်ကြီး ထောက်ပြ ဝေဖန်
မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင်ဂိုးသမားဟောင်း ရှမိုက်ကယ်က စနေနေ့က ဘရိုက်တန်ကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲအပြီး ဟီးရိုးလုပ်ဖို့ကြိုးစားခဲ့တဲ့ မာတီနက်ဇ် အား ဝေဖန်ပြောကြားလိုက်ပါတယ်။
ယူနိုက်တက် အသင်းဟာ အဖွင့်ပွဲ ၅ ပွဲမှာ ၃ ပွဲအထိ အရေးနိမ့်ခဲ့ပြီး ဘရိုက်တန်ဘက်က ဒန်နီရယ်ဝဲလ်ဘတ် ၊ ပါစကယ်ဂရော့စ် ၊ ဂျာအိုပက်ဒရိုတို့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိမှာအဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီး ပွဲသိမ်းခရာမှုတ်ချိန်မှာ ပရိသတ်တွေရဲ့ လှောင်ပြောင် သရော်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
ရှမိုက်ကယ်က ဘရိုက်တန်ရဲ့ ဒုတိယဂိုးကို ထောက်ပြခဲ့ပြီး မာတီနက်ဇ်တစ်ယောက် ဟီးရိုးအဖြစ် ကြိုးစားခဲ့တယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။
“ဖြစ်ရပ်တစ်ခုအတွက် ဒီနေရာမှာ မာတီနက်ဇ်အကြောင်းပြောပြချင်ပါတယ်။ သူ့အနေနဲ့ တားဆီးသင့်တာကို ဟီးရိုးလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ လူတွေအဲ့တာကို သိမှာပါ။ အဲ့နေရာမှာ သူလုပ်ပုံကိုကြည့်ရင် ဂိုးသမားနေရာမှာ သူက ဝင်လိုက်သလိုပါပဲ။
သူ့အနေနဲ့ အနီးကပ်သွားပြီး တားဆီးဖို့လုပ်ဆောင်ရမှာပါ။ တကယ်လို့ မင်းအနေနဲ့ တားဆီးချင်တယ်ဆိုရင် ခန္ဓာကိုယ်ကို လှည့်စရာမလိုပါဘူး။ ဒီလိုအရာတွေက ယူနိုက်တက်အတွက် အဆင်မပြေစေပါဘူး”လို့ ရှမိုက်ကယ် က ပြောကြားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ အဲရစ်ဆန်ကတော့ ပွဲတွေကို သေချာလေးအာရုံစိုက်ပြီး အနိုင်ကန်ရမှာ ဖြစ်ပြီး ပွဲတိုင်းက အရေးကြီးကြောင်း ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။