လာမယ့် စနေနေ့ ဘန်လေနဲ့ ပွဲ ကစားဖို့ မန်ယူ တစ်သင်းလုံးကတော့ တက်ကြွတဲ့ ကြက်ဖတွေ ဖြစ်နေကြပါပြီ

မန်ချက်စတာယူနိုက်တက် ဗဟိုခံစစ်မှူး ဗစ်တာလင်ဒီလော့ဖ်က ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ခဲ့သော်လည်း စနေနေ့မှာ ယှဉ်ပြိုင်မယ့် ဘန်လေနဲ့ပွဲစဉ်အတွက် မြန်မြန်ဆန်ဆန်ကစားနိုင်ဖို့ တစ်သင်းလုံး စိတ်အားထက်သန်နေတယ်လို့ အသိပေးပြောကြားလာခဲ့ပါတယ်။

ဘိုင်ယန်နဲ့ ပွဲ အတွက် ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှာ နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်နဲ့အတူ လင်ဒီလော့ဖ်က ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့ပြီး ၎င်းက ဘွန်ဒက်စ်လီဂါချန်ပီယံတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ပွဲစဉ်ဟာ အလွန်ပြင်းထန်တဲ့ စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

MUTV နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ လင်ဒီလော့ဖ်က ..

“ ဒီအသင်းနဲ့ယှဉ်ပြိုင်ရတာ အမြဲတမ်းခက်ခဲပါတယ်။ ကျွန်တော်တို့ အရမ်းကောင်းတဲ့အသင်းနဲ့ ကစားခဲ့ရတာပါ။ ၃ ဂိုးအထိသွင်းနိုင်ခဲ့ပေမယ် ရလဒ်ကောင်းတော့ မရရှိခဲ့ပါဘူး။ ပိုကောင်းတဲ့ အခြေအနေကို မျှော်လင့်ထားခဲ့တဲ့ ကျွန်တော်တို့အတွက်တော့ စိတ်ပျက်စရာရလဒ်ပါ” လို့ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ကို အာရုံစိုက်နေကြောင်းနဲ့ စနေနေ့မှာ ယှဉ်ပြိုင်မယ့် ဘန်လေနဲ့ပွဲစဉ်မှာ အကောင်းဆုံးပြန်လာပြီး အနိုင်ရရှိတဲ့ လမ်းကြောင်းပေါ်ကို ပြန်တက်နိုင်ဖို့အရေးကြီးကြောင်းအသက်-၂၉ နှစ်အရွယ် နောက်ခံလူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ တန်ဟက်ရဲ့အသင်းဟာ လေ့ကျင့်ခန်းပြန်လည်ဆင်းနေပြီး ကောင်းမွန်တဲ့ အလှည့်အပြောင်းဖြစ်လာဖို့ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။

လင်ဒီလော့ဖ်က “ ပရီးမီးယားလိဂ်က အမြဲတမ်းခက်ခဲပါတယ်။ ကျွန်တော်တို့တစ်သင်းလုံး ဘန်လေနဲ့ပွဲစဉ်အတွက် အိပ်ရေး ဝဝအိပ်ပြီး အဆင်သင့်ဖြစ်နေဖို့ ကြိုးစားသွားမှာပါ။ ဒီပွဲကိုကစားပြီး အနိုင် ၃ မှတ်ရယူနိုင်ဖို့ တစ်သင်းလုံး စိတ်အားထက်သန်နေပါတယ်။ဒီပွဲပြီးရင်တော့ အနိုင်ရလဒ်ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။