ဘီဘီစီ ခရစ်ဆက်တန်ရဲ့ ဒီအပတ် ဘန်လေ – မန်ယူပွဲ အတွက် ပွဲကြို သုံးသပ်ဟောကိန်းထုတ်ချက် ထွက်ရှိနေပါပြီ

ဒီအပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက် က တန်းတက် ဘန်လေ အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ဘန်လေနဲ့ မန်ယူတို့ဟာ မနက်ဖြန် စနေနေ့ည ၁ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။

ဖိအားတွေ များနေတဲ့ နည်းပြ တန်ဟက်ရဲ့ မန်ယူ အသင်းက ဒီပွဲမှာတော့ နိုင်ပွဲ ပြန်ရသွားနိုင်ပြီ လို့ ခရစ်ဆက်တန်က ယူဆထားပါတယ်။

ဘန်လေနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲ အတွက် ဘီဘီစီမှ ပင်တိုင် သုံးသပ်သူကြီး ဆက်တန်က အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

ဒီပွဲက မန်ချက်စတာ ယူနိုက်တက် အတွက်တော့ နိုင်ကို နိုင်ရမယ့် ပွဲပါ။ အထူးသဖြင့် Doubters တွေ များလာတာကြောင့် ဖိအားဝင်နေတဲ့ သူတို့ မန်နေဂျာ အဲရစ်တန်ဟက် အတွက် ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အခုနေမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသဖို့ လိုသလို အမှတ်တွေလည်း ရဖို့ လိုနေပါပြီ။ အခုချိန်ထိတော့ သူတို့က ရှိသင့်တဲ့ စံနှုန်းမှာ ရှိမနေသေးပါဘူး။

ဒီပွဲကို ထပ်ရှုံးမယ် ဆိုတာက တွေးတောင် မတွေးရဲစရာ ဖြစ်နေပါတယ်။ ပြိုင်ပွဲစုံ ၄ ပွဲ ဆက် ရှုံးတယ် ဆိုရင်ပေါ့။ ဒါပေမယ့် တာ့ဖ်မိုးကွင်းမှာ သူတို့ အမှတ်မလျော့သင့်ဘူး။

ဘန်လေက အခုထိ နိုင်ပွဲ မရသေးပါဘူး။ ဖောရက်စ်နဲ့ သရေကျတဲ့ ပွဲက သူတို့ တိုက်စစ်ကိုတော့ ကျွန်တော် အထင်ကြီးမိတယ်။ ဒါပေမယ့် သူတို့ ခံစစ်ကတော့ စိတ်မချရဘူး။

ခံစစ်ပိုင်းနဲ့ ကြည့်မယ် ဆိုရင် ဗင်းဆင့် ကွန်ပနီရဲ့ အသင်းက ပရီးမီးယားလိဂ်မှာ ရှိသင့်သလားတောင် မသိပါဘူး။ ဒါကြောင့် ယူနိုက်တက် သူတို့ကို ချေမှုန်းနိုင်မယ် လို့ ကျွန်တော် ထင်တာပဲ။ ဒီတောင်ကို ကျော်နိုင်ရင်တော့ တန်ဟက် အတွက် စိတ်သက်သာရာ ရစရာ ဖြစ်မှာပါ။

ခရစ် ဆက်တန်ရဲ့ ခန့်မှန်းရလဒ်

ဘန်လေ ၁-၂ မန်ချက်စတာ ယူနိုက်တက်။