ကာရာဘောင်း လက်ရှိ ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်က ပဲလေ့စ်ကို ၃-ဝ နဲ့ ဂိုးပြတ် ဘယ်လို သိပ်ခဲ့သလဲ

မန်ချက်စတာယူနိုက်တက်ဟာ မနေ့ညက အိုးထရက်ဖို့ဒ် မှာ ခရစ္စတယ် ပဲလေ့စ်ကို ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ် ဧည့်ခံ ကစားရာ ၃-၀ နဲ့ အနိုင်ရယူပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ပြီဖြစ်ပါတယ်။

မန်ယူအသင်းဟာ ဒီပွဲမှာ လက်ရှိ ချန်ပီယံ ပီပီ ပြိုင်ဘက်ကို မညှာတမ်း အလဲထိုးခဲ့ပြီး နောက်ပွဲ ပရီးမီးယားလိဂ်မှာ ကန်ဖို့ လူချန်ပြီးတောင် ဂိုးပြတ် နိုငခဲ့တာ ဖြစ်ပါတယ်။

ဂါနာချို၊ ကာစီမီရို၊ အန်သိုနီ မာစီယယ်လ်တို့ရဲ့ သွင်းဂိုးတွေကြောင့် အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်က နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

ပွဲကစားချိန် အဖွင့် ၁၀ မိနစ်ဟာ တော်တော်လေး ပျင်းစရာကောင်းခဲ့ပြီး အမ်မရာဘတ် ဂိုးသွင်းခွင့် ရခဲ့တာတစ်ခုပဲ ရင်ခုန်စရာရှိခဲ့ပေမယ့်လည်း မော်ရိုကိုကြယ်ပွင့်ရဲ့ ၂၂ ကိုက်အကွာကနေ ဆိုးရွားတဲ့ကန်ချက်က ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့တာဖြစ်ပါတယ်။

ခရစ္စတယ် ပဲလေ့စ်အတွက် နစ်နာစရာဖြစ်ခဲ့တာက ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမား ဒင်း ဟန်ဒါဆန်ဟာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပြီး ဆမ် ဂျွန်စတုန်း ဝင်လာပြီးနောက် ၂၁ မိနစ်မှာ ဂါနာချိုက ဒါလော့တ်ရဲ့ အနိမ့်ဘော ပေးပို့မှုကို လျှောထိုး အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

နောက်ထပ် ၆ မိနစ်အကြာမှာပဲ မန်ချက်စတာယူနိုက်တက်ဟာ မေဆန် မောင့်ရဲ့ ထောင့်ကန်ဘောကနေ ကန်တင်ပေးပို့မှုကို ကာစီမီရိုက ခေါင်းတိုက်သွင်းယူပြီး ဒုတိယမြောက် ဦးဆောင်ဂိုး ရရှိသွားခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်အတွက် ယခုရာသီ ၄ ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ လွှမ်းမိုးမှုဟာ ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာလည်း ဆက်လက် မြင်တွေ့ခဲ့ရပြီး မာစီယယ်လ်က ၅၅ မိနစ်မှာ ကာစီမီရိုရဲ့ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုအပြီးမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ဟာ ပွဲကစားချိန် မိနစ် ၆၀ မှာ အခွင့်အရေး တစ်ကြိမ် ရရှိခဲ့ပြီး အီဘရယ်ချီ အီဇီရဲ့ အထင်ကြီးဖွယ် ကစားပုံအပြီး ဂျင်း-ဖိလစ် မာတီတာရဲ့ ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုကို အန်ဒရီ အိုနာနာက အလွန်ကောင်းမွန်တဲ့ ကာကွယ်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဂျွန်နီ အီဗန်စ်ဟာ မန်ျခက်စတာယူနိုက်တက်အတွက် နောက်ထပ် ဦးဆောင်ဂိုး ရယူပေးနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ၎င်းရဲ့ ခေါင်းတိုက်ချက်ကို ဂျွန် စတုန်းက ပိတ်ဆို့ကာကွယ်သွားနိုင်ခဲ့တာဖြစ်ပြီး လင်းယုန်တွေဟာ နောက်ကျ နှစ်သိမ့်ဂိုးရရှိဖို့ အခွင့်အရေး ရခဲ့ပေမယ့်လည်း အိုနာနာကပဲ ၂ ဆင့်ကာကွယ်မှု ပြုလုပ်သွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ စနေနေ့မှာ ခရစ္စတယ် ပဲလေ့စ်ကိုပဲ အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ထပ်မံ ဧည့်ခံရဦးမှာဖြစ်ပြီး လင်းယုန်တွေကို ၂ ပွဲဆက်တိုက် နိုင်ပွဲရယူဖို့ ရည်မှန်းထားမှာ ဖြစ်ပါတယ်။