ပဲလေ့စ်နဲ့ပွဲက ခြေစွမ်းက မန်ယူရဲ့ ဒီရာသီ အကောင်းဆုံး ခြေပဲ လို့ နဗီးလ် အားရစွာ ချီးကျူး

မနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ နဲ့ နိုင်ရှိခဲ့တဲ့ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်ဟာ ယခုရာသီရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တယ်လို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီနဗီးလ်က ချီးကျူးပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်ဟာ ဂါနာချို၊ ကတ်စမဲရိုး၊ မာရှယ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ခရစ္စတယ်ပဲလေ့စ်ကို ၃ ဂိုးပြတ် အနိုင်ရရှိခဲ့တာကြောင့် ယခုရာသီမှာ ပထမဆုံး ၂ ပွဲဆက် နိုင်ပွဲကို စတင်ပုံဖော်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ တန်ဟက်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ယူနိုက်တက်မှ ထွက်ခွာတော့မယ်လို့ ယူဆခဲ့တဲ့ နောက်ခံလူ ဟယ်ရီ မက်ဂွဲရားကို ပွဲချိန်ပြည့် အသုံးပြုခဲ့ပြီး ကွင်းလယ်ကစားသမားသစ် ဆိုဖီယန် အမ်မရာဘတ်ကိုလည်း ပထမဆုံးအကြိမ် စတင် ပွဲထုတ်လာခဲ့ပါတယ်။

ဒါ့အပြင် ဒဏ်ရာပြဿနာကြောင့် ယူနိုက်တက်ရဲ့ ပွဲစဉ်အချို့ကို လွဲချော်ခဲ့ရတဲ့ နောက်ခံလူ ရာဖေးလ် ဗာရန်းနဲ့ ကွင်းလယ်လူမေဆင်မောင့်တို့ကလည်း ယခုပွဲမှာ ပွဲထွက်ကစားသမားတွေ အဖြစ်ပြန်လည်ပါဝင်ခဲ့ကြတာဖြစ်ပါတယ်။

လာမယ့်စနေနေ့မှာလည်း ယူနိုက်တက်ဟာ ယခုအနိုင်ရရှိခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်ကိုပဲ ပရီးမီးယားလိဂ်ပွဲစဉ် အဖြစ် အိမ်ကွင်းမှာ ထပ်မံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နှစ်သင်းစလုံး အပြောင်းအလဲတွေပြုလုပ်လာနိုင်ချေရှိနေပါတယ်။

ယခုရာသီ တော့တင်ဟမ်၊ အာဆင်နယ်နဲ့ ဘရိုက်တန်တို့ကို အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေမှာ အသင်းဟောင်းကို ပြစ်ပြစ်နှစ်နှစ်ဝေဖန်ထားတဲ့ ဂယ်ရီနဗီးလ်က ယခုပွဲစဉ်အပြီးမှာတော့ ယူနိုက်တက်ရဲ့စွမ်းဆောင်ရည်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

“ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းကို မြင်ခဲ့ရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း” ဆိုပြီး တွစ်တာမှတစ်ဆင့် ချီးကျူးခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ပရိသတ်တွေကလည်း အိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်ဖလား ၈ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်ဆွတ်ခူးခဲ့ဖူးတဲ့ နောက်ခံလူဟောင်းရဲ့ ပြောကြားချက်ကို အကြီးအကျယ်သဘောတူခဲ့ကြပြီး ၎င်းရဲ့ပို့စ်အောက်မှာ

“တကယ်ကို အကောင်းဆုံးပါပဲ။ ပွဲကိုအကောင်းဆုံးထိန်းချုပ်ထားပြီး လူငယ်တွေကလည်း အရှိန်အဟုန်နဲ့ ဆော့ကစားနိုင်ခဲ့ကြပါတယ်။ အံ့ဩစရာကောင်းတဲ့ စွမ်းဆောင်ရည်တစ်ခုဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး”၊

“ဒီပုံစံအတိုင်းသာ အမြဲတမ်းကစားမယ်ဆိုရင် ဘယ်အသင်းမဆို ကျွန်တော်တို့ကို အနိုင်ယူနိုင်ဖို့ တော်တော်ခက်ခဲမှာပဲ”၊

“အမ်မရာဘတ်က အသင်းရဲ့လိုအပ်ချက်ကို ဖြည့်ပေးနိုင်ပါတယ်။ ဒါပေမယ့် တော့တင်ဟမ်၊ အာဆင်နယ်တို့နဲ့ကစားခဲ့တဲ့ ပွဲစဉ်တွေရဲ့ ပထမပိုင်းမှာလည်း ယူနိုက်တက် အခုလိုစွမ်းဆောင်ရည်မျိုးပြသထားနိုင်ခဲ့ပါတယ်” လို့ အသီးသီး ထောက်ခံ မှတ်ချက်ပေးထားခဲ့ကြပါတယ်။

ယခုလို ကောင်းမွန်တဲ့ရလဒ်ကြောင့် နဗီးလ်နဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေဟာ လာမယ့်စနေနေ့မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ ထပ်မံယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ခြေစွမ်းကောင်းတွေ မြင်ရဖို့ စောင့်မျှော်နေမှာ ဖြစ်ပါတယ်။