007 တော့ အဖြစ်မခံဘဲ ခြေစွမ်းပြကာ ဝေဖန်မှုတွေကို တုန့်ပြန်ပြသွားပြီ ဖြစ်တဲ့ သရဲနီသစ် မေဆင်မောင့်

မနေ့ညက ကစားခဲ့တဲ့ ကာရာဘောင်း လိဂ်ဖလား တတိယအဆင့်ပွဲဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ လက်ရှိချန်ပီယံ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၃ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ကွင်းလယ်လူ မေဆင်မောင့်ကလည်း ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီအတွင်း ချယ်လ်ဆီးအသင်းကနေ ယူနိုက်တက်ကို ပေါင်သန်း(၆၀)နဲ့ပြောင်းရွှေ့ခဲ့သူ မေဆင်မောင့်ဟာ ရာသီကြို ခြေစမ်းပွဲတွေနဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့် (၂)ပွဲဖြစ်တဲ့ ဝုလ်ဗ်၊ စပါးအသင်းတို့နဲ့ပွဲတွေမှာ ပုံစံကောင်း မပြနိုင်တာကြောင့် ‘007’(၇ ပွဲကစား၊ သွင်းဂိုး- ဝ၊ ဂိုးဖန်တီးမှု- ဝ)လို့တောင် အလှောင်ခံခဲ့ရပါတယ်။

ဒါ့အပြင် စပါးအသင်းကို (၂-ဝ)ဂိုးနဲ့ရှုံးနိမ့်တဲ့ပွဲမှာ မေဆင်မောင့်က ဒဏ်ရာရရှိခဲ့ပြီး (၅)ပတ်ကြာ အနားယူခဲ့ရသလို အခု ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှ ဘောလုံးပြန်ကစားနိုင်တာဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ မေဆင်မောင့်ဟာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး အဖွင့်ဂိုးက သူ့ရဲ့ဖြတ်တင်ဘောကနေ တိုက်စစ် လမ်းကြောင်းစတင်ပြီးတော့ ဒါလော့ ဖန်တီးပေးတာကို ဂါနာချိုက ပိတ်သွင်းခဲ့ပါတယ်။

ဒုတိယဂိုးကလည်း ထောင့်ကန်ဘောကနေ မေဆင်မောင့် ကန်တင်ပေးတာကနေ ကတ်စ်မဲရိုးက ခေါင်းတိုက်သွင်းခဲ့ပြီး မေဆင်မောင့်ရဲ့ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံး Assist ပိုင်ဆိုင်ခဲ့ပါပြီ။

ပထမပိုင်းပွဲကစားချိန်အတွင်း မေဆင်မောင့်က အခွင့်အရေးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ခဲ့တာကြောင့် နှစ်ဖက် အသင်း ကစားသမားတွေထဲမှာ အခွင့်အရေးဖန်တီးနိုင်မှု အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

မေဆင်မောင့်ဟာ ဒဏ်ရာက အခုမှ ပြန်သက်သာတဲ့အတွက် အဲရစ်တန်ဟက်က ပွဲချိန်ပြည့်မသုံးဘဲ ဒုတိယပိုင်းအစမှာ လင်ဒီလော့ဖ်နဲ့လူစားလဲခဲ့ပါတယ်။

ပွဲအပြီး အင်တာဗျူးမှာ အဲရစ်တန်ဟက်က “မေဆင်မောင့်ဟာ ဒဏ်ရာက ပြန်သက်သာလာစဖြစ်တာကြောင့် အခုထက် ကြံ့ခိုင်မှုပိုကောင်းလာအောင် ကျွန်တော်တို့ ဆောင်ရွက်စရာတွေရှိပါသေးတယ်။

မေဆင်မောင့်သာ ရာနှုန်းပြည့်ကြံ့ခိုင်မှုရှိလာမယ်ဆိုရင် အခုထက်တောင် ပိုကောင်းလာဦးမှာပါ။ ဒါက မေဆင်မောင့် အတွက် ယူနိုက်တက် ကစားသမားဘ၀ အစပိုင်းပဲရှိပါသေးတယ်။ ဒီနေ့ပွဲမှာတော့ မေဆင်မောင့်ကစားတာ တော်တော်လေး ကောင်းခဲ့ပါတယ်”လို့ ချီးကျူးစကားပြောကြားခဲ့ပါတယ်။