အိုနာနာ က တည်ငြိမ် ပြီးပြည့်စုံတဲ့ ဂိုးသမားပါ လို့ ထောက်ခံချက် ပေးလိုက်တဲ့ သရဲနီဟောင်း ကစားသမားကြီး
ယူနိုက်တက် အသင်း ခေါ်ထားတဲ့ ဂိုးသမား အန်ဒရေး အိုနာနာဟာ အိုးလ်ထရက်ဖို့ဒ်မှာ ယိမ်းယိုင်နေတဲ့ တာထွက် ကာလ ပိုင်ဆိုင် ဖြစ်နေပေမယ့်လဲ သိပ်ကောင်းတဲ့ ဂိုးသမားတစ်ယောက်ပါလို့ မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်ဟောင်း ဒါလေဘလိုင်းက ပြောဆိုခဲ့ပါတယ်။
ကင်မရွန်း ဂိုးသမားဟာ နွေရာသီမှာ အင်တာကနေ ပြောင်းလာပြီးကတည်းက ယူနိုက်တက်မှာ ဖိအားတွေအောက် ရောက်နေတာပါ။

အေဂျက်ကစားသမားဟောင်းလည်း ဖြစ်တဲ့ ဘလိုင်းကတော့ သူ့အသင်းဖော်ဟောင်း အိုနာနာတစ်ယောက် ယူနိုက်တက်မှာ ပိုကောင်းလာမယ်လို့ ယုံကြည်မှုအပြည့်ရှိနေပြီး အိုနာနာဟာ အေးဆေးတည်ငြိမ်ပြီး အာရုံစိုက် ထားတဲ့အခါ ယုံကြည်အားကိုးလို့ရတဲ့ ပြီးပြည့်စုံတဲ့ ဂိုးသမားတစ်ယောက် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
“သူက သိပ်တော်တဲ့ ဂိုးသမားတွေထဲကတစ်ယောက်ပါ။ သူ့မှာ တည်ငြိမ်တဲ့ပုံစံရှိတယ်။ သူက ပြည့်စုံပါတယ်။ သူ တည်တည်ငြိမ်ငြိမ်တဲ့ အာရုံစိုက်ထားတဲ့အခါ ကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက် ဖြစ်နိုင်ပါတယ်။
အိုနာနာ က အောင်မြင်သူတစ်ယောက်ပါ။ အမြဲတမ်း ထပ်ပြီးတော့ လေ့ကျင့်ချင်စိတ်ရှိတယ်။ ကျွန်တော်က သူနဲ့ ဆက်ဆံရေးကောင်းရှိခဲ့ပါတယ်” လို့ ဘလိုင်းက ပြောပြခဲ့တာ ဖြစ်ပါတယ်။
အိုနာနာဟာ ဝါရင့် ဂိုးသမား ဒေးဗစ်ဒီဂီယာနေရာမှာ အစားထိုးဖို့ ရောက်လာခဲ့တာဖြစ်ပေမယ့် မမှားသင့်တဲ့ အမှားများစွာ လုပ်မိနေပြီးဖြစ်သလို နောက်ဆုံးအနေနဲ့ ဘိုင်ယန်မြူးနစ်ကို ၄-၃ နဲ့ ရှုံးခဲ့တဲ့ပွဲမှာ ဆာနေးရဲ့ ရိုးစင်းလွန်းတဲ့ ကန်ချက်လေးကိုတောင် သူ့ကြောင့် ဂိုးပေါက်ထဲ ဝင်သွားစေခဲ့တာ ဖြစ်ပါတယ်။