ဒီအပတ် မန်ယူ – ပဲလေ့စ် ပရီးမီးယားလိဂ်ပွဲ ဘယ်အသင်းနိုင်မလဲ၊ ဘယ်နှဂိုး သွင်းမလဲ ခရစ်ဆက်တန် ဟောကိန်းထုတ်

ဒီတပတ် ပရီးမီးယားလိဂ်မှာလည်း မန်ချက်စတာ ယူနိုက်တက်က ခရစ္စတယ် ပဲလေ့စ်နဲ့ ထပ်မံ တွေ့ဆုံနေပါတယ်။ ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ ကြားရက်ကမှ ကာရာဘောင်း ဖလားပွဲ အဖြစ် ထိပ်တိုက် ရင်ဆိုင်ထားခဲ့ပြီး ထိုပွဲမှာ ယူနိုက်တက်က ၃-ဝ နဲ့ အနိုင်ရထားပါတယ်။

ဒီ ပရီးမီးယားလိဂ် ပွဲကတော့ မနက်ဖြန် စနေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲ အချိန်၊ အိုးထရက်ဖို့ဒ် ကွင်းမှာပဲ ထပ်မံ ယှဉ်ပြိုင်ရမှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်နေကြ ခရစ်ဆက်တန်ကတော့ ယူနိုက်တက်နဲ့ ပဲလေ့စ်တို့ ဒီအပတ် ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” အရင်အပတ် ပရီးမီးယားလိဂ် ပွဲမှာ ဘန်လေကို နိုင်လိုက်တာကြောင့် နည်းပြတန်ဟက်က နည်းနည်းတော့ အသက်ရှု ချောင်သွားပါတယ်။ ၃ ပွဲဆက်တိုက် အရေးနိမ့်မှုကနေ ဒီကြားရက်တုန်းက ပြန်လာနိုင်တာကလည်း အရေးပါခဲ့ပါတယ်။

ကာရာဘောင်းမှာ ယူနိုက်တက်က ပဲလေစ့်ကို သက်သောင့်သက်သာဖြင့် အနိုင်ယူခဲ့တယ်။ ဒါပေမယ့်လို့ နှစ်သင်းလုံး တောင့်တင်းတဲ့ လူစာရင်းကို ထုတ်ကြမယ့် ဒီပွဲစဉ်ကတော့ ခြားနားမယ် ထင်ပါတယ်။

ပဲလေစ့်က ယူနိုက်တက်ကို ကောင်တာကနေ ထိုးဖောက်ဖို့ ရည်မှန်းထားမှာဖြစ်ပြီး ဒီပွဲက အကြိတ်အနယ် ရှိပါလိမ့်မယ်။ ဒါပေမယ့် ယူနိုက်တက်ပဲ အနိုင်ရသွားမှာပါ။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၁ ခရစ္စတယ်ပဲလေ့စ် ဖြစ်ပါတယ်။