ဒဏ်ရာ၊ ဖျားနာကနေ ပြန်ကောင်းလာတဲ့ အသင်းသား ၃ ဦးကို ဒီည မန်ယူ လူစာရင်းမှာ တန်ဟက် ထည့်သွင်း သုံးလာဖွယ် ရှိနေ
မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်က ဒီ စနေနေ့ညမှာ ယှဉ်ပြိုင်မယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာ ဒဏ်ရာမှပြန်လည် သက်သာလာတဲ့ ကစားသမား ၃ ယောက် ကို ယူနိုက်တက်ရဲ့ လူစာရင်းမှာ ထည့်သွင်း လာတော့မှာ ဖြစ်ပါတယ်။
ကာရာဘောင်ဖလားပွဲစဉ်နဲ့ ယခုကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တို့က ၄ ရက်မျှကွာဟနေတာကြောင့် ရီဂူလွန်၊အဲရစ်ဆင်နဲ့ တိုမီနေးတို့ ကစားသမား ၃ ဦးစလုံးဟာကြားထဲမှာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနိုင်ဖို့ ကြိုးစားနိုင်ခဲ့ကြတယ်လို့ ယူဆရပါတယ်။
ဘန်လေနဲ့ပွဲစဉ်မှာ ပါဝင်ခဲ့တဲ့ အဆိုပါကစားသမား ၃ ဦးစလုံးဟာ ဖျားနာမှုတွေကြောင့် ပြီးခဲ့တဲ့ ကာရာဘောင်း ဖလားပွဲစဉ်ကိုတော့ လွဲချော်ခဲ့ကြပါတယ်။

နောက်ခံလူ ရီဂူလွန်ဟာ ဘန်လေနဲ့ပွဲအပြီးမှာ အပြင်းအထန်ဖျားနာခဲ့ပြီး အခြားစားသမားတွေကို ကူးစက်နိုင်တာကြောင့် ယူနိုက်တက်က ၎င်းကို အသင်းရဲ့လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကာရင်တန်သို့မလာစေဘဲ နေအိမ်မှာပဲနေရန် ညွှန်ကြားထားခဲ့ရပါတယ်။
စပိန်သားဟာ ဘန်လေနဲ့ ပွဲစဉ်မတိုင်မီကတည်းက အနည်းငယ်ဖျားနာနေခဲ့သော်လည်း ကစားခွင့်ရရှိရန် တောင်းဆိုခဲ့ တာကြောင့် ၇၉ မိနစ်အထိကစားခွင့်ရရှိခဲ့ပြီးနောက် ဗာရာနီနဲ့ လူစားလဲခံခဲ့ရတာဖြစ်ပါတယ်။ သို့သော်လည်း ရီဂူလွန်ဟာ အဆိုပါ ဝ-၁ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်အတွက် Clean Sheet ရရှိရေးမှာ ကူညီနိုင်ခဲ့ပါတယ်။
အဲရစ်ဆင်နဲ့ တိုမီနေးတို့က ခရစ္စတယ်ပဲလေ့စ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မျှော်လင့်ခဲ့ကြသော်လည်း တနင်္လာနေ့ကပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ အနည်းငယ် ဖျားနာခဲ့တာကြောင့် လွဲချော်ခဲ့ရပါတယ်။
ယူနိုက်တက်ရဲ့ ဘယ်နောက်ခံနေရာမှာ ကြီးကြီးမားမားလိုအပ်ချက်ကြောင့် ရီဂူလွန်ဟာ တော့တင်ဟမ်မှ ယူနိုက်တက်သို့ အငှားနဲ့ ရောက်ရှိလာပြီးကတည်းက ၃ ပွဲအထိ ပါဝင်ကစားထားခဲ့ရပြီဖြစ်ပါတယ်။
လုခ်ရှော၊ မာလာစီယာနဲ့ ညာနောက်ခံကစားသမား ဝမ်ဘစ်ဆာကာတို့က ဒဏ်ရာပြဿနာတွေ အသီးသီးကြုံတွေ့ နေရတာကြောင့် ရီဂူလွန်အနေနဲ့ ယခုရာသီမှာ ယူနိုက်တက်အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။
ယူနိုက်တက် လူငယ်ကွင်းလယ်ကစားသမား မိုင်နူး ကတော့ အောက်တိုဘာ နိုင်ငံတကာပွဲစဉ်များအပြီးမှသာ ပြန်လည်ကစားနိုင်ချေရှိပါတယ်။
ဒါ့အပြင် ဗာရာနီပြန်လည်ပါဝင်လာနိုင်ခြင်းက ယူနိုက်တက်အတွက် အားတက်စရာဖြစ်နေပြီး မက်ဂွါရီကလည်း ပြီးခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ ပွဲချိန်ပြည့် ကစားနိုင်ခဲ့တာဖြစ်ပါတယ်။
ယခုနှစ် ပရီးမီးယားလိဂ်ရာသီမှာ ယူနိုက်တက်ဟာ ၃ ပွဲနိုင် ၃ ပွဲရှုံး ရမှတ် ၉ မှတ်နဲ့ အမှတ်ပေးဇယားရဲ့အဆင့် ၉ နေရာမှာရပ်တည်နေပြီး ထိပ်ဆုံးက မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ ၉ မှတ်အထိကွာဟနေပါတယ်။