ဆင်ခြေတွေ မပေးချင်ဘူး၊ အိုးထရက်ဖို့ဒ်ကို ခံတပ်ကြီး ဖြစ်အောင် လုပ်မယ် ဆိုတဲ့ တန်ဟက်ရဲ့ ပဲလေ့စ် ရှုံးပွဲအပြီး ပြောစကား
မနေ့က စနေညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ မန်ယူဟာ ခရစ္စတယ်ပဲလေ့စ်ကို အန်ဒါဆန်ရဲ့ သွင်းဂိုးကြောင့် အရှုံးပေးခဲ့ရပြီး ဒီ ရာသီအစ ၇ ပွဲမှာ ၄ ပွဲအထိ ရှုံးခဲ့ရပြီဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း အခုလိုမျိုး တစ်ခါမှ မရှုံးတဲ့ အသင်းဖြစ်ပြီး ရာသီအစ ၇ ပွဲမှာ ၉ မှတ်ပဲ ရယူနိုင်ခဲ့ပါတယ်။
မန်ယူဟာ လွန်ခဲ့တဲ့ ၄ ရက်အကြာက ကစားခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ် မှာ ပဲလေ့စ်ကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့ပေမဲ့ ပြီးခဲ့တဲ့ စနေည အိုးလ်ထရက်ဖို့ဒ်ပွဲစဉ် မှာတော့ ဂိုးမသွင်းနိုင်ဘဲ အရှုံးပေးခဲ့ရပါတယ်။

ဒီအတွက် ပွဲအပြီးခရာမှုတ်ချိန် မှာ ယူနိုက်တက်ပရိသတ်တွေဟာ ကိုယ့်အသင်းကိုယ် ပြန်ပြီး လှောင်ပြောင် အော်ဟစ်ခဲ့ကြပေမဲ့လည်း တန်ဟတ်ကတော့ ပရိသတ်တွေရဲ့ လုပ်ရပ်ကို နားလည် နိုင်ပြီး သူက ဘာလို့ ရှုံးသလဲ ရှင်းပြချင်ပေမယ့် ဆင်ခြေပေးတယ် ဆိုကြမှာကြောင့် မပြောလိုတော့ဘူး လို့လည်း ဆိုလိုက်ပါတယ်။
” ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့ အိမ်ကွင်းမှာ ကစားတာလေ။ ပဲလေ့စ်နဲ့ ကစားရတာ။ နိုင်ရမှာပေါ့။ နောက်ပြီး ကျွန်တော် အားလုံးကို လက်ခံတယ်။ ပရီးမီးယားလိဂ်မှာ ပွဲတိုင်းက ခက်ခဲ လွန်းတယ်ဆိုတာ သိတယ်။
အကောင်းဆုံးပုံစံနဲ့ ကစားရမှာပါ။ ဒါပေမဲ့ ပရိသတ်တွေ အနိုင်ကို မျှော်လင့်တယ်ဆိုတာလည်း ကျွန်တော် နားလည်တယ်။
ကျွန်တော်တို့ အနိုင်မရခဲ့ဘူး။ ရှုံးတယ်။ ဟုတ်တယ်။ ဒါဟာ မန်ယူရဲ့ ပုံစံမျိုး ဖြစ်လာမှာကို ကျွန်တော် စိုးရိမ်မိတယ်။ ကျွန်တော်တို့ ပိုပြီး တည်ငြိမ်ဖို့ လိုတယ်။ တကယ်လိုတာက နိုင်ပွဲ ဆက်ဖို့ဖြစ်ပြီး အခုလုပ်နေတာထက် ပိုကောင်းအောင် လုပ်ပြဖို့ပဲ ဖြစ်ပါ တယ်။
ဒီရှုံးပွဲအတွက် အကြောင်းပြချက်တွေ ပေးလို့ရပါတယ်။ ဒါပေမဲ့ ဒါကို ဆင်ခြေ ပေးတယ်လို့ ပြောမှာပေါ့။ ဆင်ခြေပေးစရာ မရှိပါဘူး။ ကျွန်တော်တို့ နိုင်ကို နိုင်ရမှာပါ။
အခုဆိုရင် ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ ၂ ပွဲဆက်တိုက် ရှုံးသွားပြီ။ ဒါပေမဲ့ ဒါက ပွဲပြီးသွားပြီလို့တော့ ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်ရမယ်။
အဲဒါက တကယ့်အရေးကြီးတဲ့ကိစ္စပဲ။ အိုးလ် ထရက်ဖို့ဒ်ဆိုတာ ခံတပ်ကြီးတစ်ခုဖြစ်တယ်ဆိုတာကို သက်သေပြရမှာဖြစ် တယ်။ ဒီနေရာမှာ ဘယ်သူမှ လာပြီး ဘာမှ လုပ်လို့မရစေရဘူး။ သူတို့ ရစရာ ရှိတာက အရှုံးတစ်ခုတည်းပဲ ဖြစ်နေရမှာ။
ဒါကြောင့် ကျွန်တော်တို့ အခုထက် ပိုကောင်းအောင် လုပ်ရမယ်။ ” လို့ တန်ဟတ်က ပဲလေ့စ်နဲ့ ပွဲအပြီးမှာ MUTV ကို ပြောသွားခဲ့တာဖြစ်ပါတယ်။