တန်ဟက် ထွက် ဆိုတဲ့ အသံတွေ ဆူညံလာပြီး ပြုတ်ဖို့ နီးလာတဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြ

နည်းပြ အဲရစ် တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်က အနာဂတ်အတွက် တိုက်ပွဲဝင်နေချိန်မှာပဲ ပြီးခဲ့တဲ့ စနေနေ့က အိုးထရက်ဖို့ဒ်မှာနောက်ထပ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ပရိသတ်တွေကြားမှာ မကျေမနပ်ဖြစ်မှုတွေ မြင့်တက် လာခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ခရစ္စတယ် ပဲလေ့စ်ကို အိမ်ကွင်းမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီပွဲစဉ်ဟာ ယခုရာသီ ပြိုင်ပွဲစုံမှာ ၅ ပွဲမြောက် ရှုံးပွဲဖြစ်လာခဲ့တာကြောင့် ၃၄ နှစ်အတွင်း အဆိုးရွားဆုံး လိဂ်စတင်မှု ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေကြားက ဒေါသအတိုင်းအတာကလည်း ပွဲအပြီးမှာ လူမှုကွန်ရက်ပေါ်မှာ တန်ဟက်ထွက်ဆိုတဲ့ လှုံ့ဆော်မှုကို ကြည့်ရင် သိနိုင်ပြီး ..

ဒတ်ချ်လူမျိုးနည်းပြဟာ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာခဲ့တဲ့ ၁၈ လတောင် မပြည့်သေးချိန်မှာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ အင်္ဂါနေ့မှာ ဂလာတာဆာရေးနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲမှာ မဖြစ်မနေ နိုင်ပွဲ ရယူသွားရတော့မှာဖြစ်ပြီး ပြီးတဲ့နောက် ၄ ရက်အကြာမှာ ဘရန့်တ်ဖို့ဒ်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

တန်ဟက်ဟာ ယခုရာသီမှာ အာရုံနောက်စရာကိစ္စတွေ အများအပြားနဲ့ ရင်ဆိုင်နေရပြီး လုခ် ရှောက ကာလရှည် အနားယူနေရသလို ကစားသမားသစ်တွေဖြစ်တဲ့ အမ်မရာဘတ်၊ မေဆန် မောင့်တို့ကလည်း ဒဏ်ရာကြောင့် လွဲချော်ခဲ့ကြတာဖြစ်ပါတယ်။

ဂျေဒန် ဆန်ချိုနဲ့ အန်တိုနီတို့ကလည်း ကွင်းပြင်ပ ပြဿနာတွေကြောင့် ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့ကြဘဲ အဲဒီပြဿနာတွေကို ပိုပြီး ဆိုးရွားသွားစေခဲ့တာကတော့ အဓိကနောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်က ပြီးခဲ့တဲ့ရာသီနှောင်းပိုင်းကို လွဲချော်ခဲ့တဲ့ ခြေချောင်းရိုးကျိုးဒဏ်ရာကို ဒုတိယအကြိမ် ထပ်မံ ခွဲစိတ်ကုသရတော့မှာ ဖြစ်ပါတယ်။

အာဂျင်တီးနားနောက်ခံလူဟာ အာဆင်နယ်နဲ့ပွဲမှာ ဒဏ်ရာရခဲ့ပြီးနောက် ဘရိုက်တန်၊ ဘိုင်ယန်မြူးနစ်တို့နဲ့ပွဲမှာ ပြန်လည် ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ယခုအပတ် စမ်းသပ်မှုတွေအရ ဒဏ်ရာဟောင်း ပြန်ဖြစ်နေပြီလို့ အတည်ပြုနိုင်ခဲ့ပြီး လက်ရှိမှာတော့ ၃ လအထိ အနားယူရမယ့်အရေးနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

တန်ဟက်အနေနဲ့ ၂၀၂၂-၂၀၂၃ ရာသီမှာ အကောင်းဆုံးစွမ်းဆောင်ရည်ပြသခဲ့တဲ့ အဓိကကစားသမားတွေထဲက တစ်ဦးမပါဝင်ဘဲ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ခက်ခဲတော့မှာဖြစ်ပြီး ရလဒ်တွေသာ ဆက်တိုက် ဆိုးရွားနေမယ်ဆိုရင် ခရစ္စမတ် မတိုင်ခင် ရာထူးကနေ ထုတ်ပယ်ခံရဖွယ် ရှိပါတယ်။