ဒီည ဂါလာတာစာရေးနဲ့ ချန်ပီယံလိဂ် ပွဲမှာ သူ့ စိတ်ကြိုက် ကစားသမား ကို ပြန်ထည့်သုံးဖို့ တန်ဟက် လေသံပစ်လာ
မန်ချက်စတာ ယူနိုက်တက် နည်းပြ အဲရစ်တန်ဟက်က အသင်းနှင့် အတူ လေ့ကျင့်ခန်းဆင်းလာပြီ ဖြစ်တဲ့ အန်တိုနီကို ယနေ့ည ဂါလာတာစာရေးနှင့် ရင်ဆိုင်ကစားရမဲ့ ချန်ပီယံလိဂ်အုပ်စုဒုတိယပွဲစဉ်တွင် အသုံးပြုရန် စဉ်းစားသွားမည် ဖြစ်ကြောင်း ပြောကြားလာပါတယ်။
ဘရာဇီး တိုက်စစ် ကြယ်ပွင့် ဟာ အောက်တိုဘာလတုန်းက အာဆင်နယ်ကို ရှုံးနိမ့်တဲ့ပွဲနောက်ပိုင်းတွင် ရည်းစားဟောင်း အား ရိုက်နှက်မှုကြောင့် အိမ်တွင်းအကြမ်းဖက်မှုဖြင့် စုံစမ်းစစ်ဆေးခြင်းခံရပြီးနောက် ယူနိုက်တက်အတွက် မကစားခဲ့သူ ဖြစ်ပါတယ်။

အန်တိုနီဟာ ပြီးခဲ့တဲ့အပတ်မှာတော့ ဆာအိုပေါ်လိုမှ မန်ချက်စတာသို့ ပြန်ရောက်လာပြီးနောက် ဂရိတ် မန်ချက်စတာ ရဲစခန်းတွင် စုံစမ်းစစ်ဆေးခြင်းခံခဲ့ပါတယ်။
အဲဒီနောက် သူဟာ တနင်္ဂနွေနေ့မှ စတင်ကာ ယူနိုက်တက်နှင့်အတူ ပြန်လည် လေ့ကျင့်ခန်းဆင်းလာခဲ့ပါတယ်။ တန်ဟက်ကတော့ သူ လိုချင်လွန်းလို့ အေဂျက်ကနေ အရ ခေါ်လာခဲ့ရတဲ့ ကစားသမား ဖြစ်တာကြောင့် အန်တိုနီ ကို ပြန်သုံးသွားဖို့ ပြင်ဆင်နေပါပြီ။
အဲရစ်တန်ဟက်က “အန်တိုနီကိုလည်း ပွဲထွက်စာရင်းမှာ ထည့်သွင်းစဉ်းစားပါမယ်။ ဒါပေမဲ့ သူက မနေ့ကမှ လေ့ကျင့်ခန်း ဆင်းတာပါ။ ကျွန်တော်တို့ နောက်ဆုံးလေ့ကျင့်ခန်းဆင်းထားတယ်။ ပြီးရင်တော့ ဆုံးဖြတ်သွားမယ်”လို့ ပြောကြားသွားပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနေ့ အင်္ဂါနေ့ည ၁ နာရီခွဲ အချိန်မှာ ဂါလာတာစာရေးနဲ့ ချန်ပီယံလိဂ် အုပ်စုပွဲ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။