ဟွိုင်လန်း ဂိုးတွေနဲ့ ၂ ကြိမ်တိုင် ဦးဆောင်ခဲ့ပေမယ့် မန်ယူတို့ အိမ်ကွင်းကြီးမှာ ဂါလာတာစာရေးကို ဘယ်လို ရှုံးသွားသလဲ
မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွေမှာတော့ မန်ချက်စတာ ယူနိုက်တက်က အိမ်ကွင်းမှာ ဂါလာတာစာရေး ကို ဧည့်ခံကစားခဲ့ရပြီး အရေးနိမ့်ခဲ့ပါတယ်။
ယူနိုက်တက်က ဂါလာတာစာရေးကို တိုက်စစ်မှူးသစ် ဟွိုင်လန်းရဲ့ သွင်းဂိုးတွေနဲ့အတူ နှစ်ကြိမ်တိုင်တိုင် ဦးဆောင်နိုင် ခဲ့ပေမယ့် အိုနာနာရဲ့ အမှားနဲ့အတူ ချေပဂိုး၊ အနိုင်ဂိုးတွေ ပြန်ပေးခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း ပွဲအပြီးမှာ ဂါလာတာစာရေးက ၂-၃ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့တာပါ။
ဒီပွဲမှာ ယူနိုက်တက် ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဗာရွန်း၊ လင်ဒီလော့ဖ်၊ ဒါလော့နဲ့ အမ်မရာဘတ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ မေဘရီနဲ့ မေဆန်မောင့်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘရူနို ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၁၆ မိနစ်မာ မန်ယူတို့ အဖွင့်ဂိုးကို စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ မေဆန်မောင့်က ညာတောင်ပံကို ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ်က လိုက်လံရယူပြီး ဂိုးရှေ့ကို တိုက်ရိုက် ဖြတ်တင်ပေးခဲ့ရာမှာ ဟွိုင်လန်းက ဒေဗင်ဆင် ဆန်ချက်ဇ်ရဲ့နောက်က ပြေးဝင်ပြီး ခက်ခဲတဲ့ အနေအထား ကနေ ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၂၃ မိနစ်မှာတော့ ဂါလာတာစာရေးတို့ ချေပဂိုး ပြန်လည်ရရှိခဲ့ကြသလို ဒီဂိုးကတော့ လွယ်လွယ်ကူကူပဲ ပေးလိုက်ရတာဖြစ်ပြီး ခံစစ်ကနေ ဒေဗင်ဆင် ဆန်ချက်ဇ် ကန်တင်ပေးလိုက်တဲ့ ဘောလုံးက နေရာယူပုံ ညံ့ခဲ့တဲ့ ဗာရွန်းကို ကျော်ပြီး ဧရိယာထဲကို ကျလာခဲ့ရာမှာ မန်ယူဆိုရင် စိတ်ပါလက်ပါ အားပေးနေကျ ဇာဟာက ဒါလော့ရဲ့ ဘော်ဒီခုမှုကို တောင့်ခံပြီး အိုနာနာကို မြေထောက်ကန်သွင်းချက်နဲ့ လှလှပပ ဆုံးမသွားခဲ့တာပါ။
ဒုတိယပိုင်းအစမှာတော့ တန်ဟတ်အနေနဲ့ ကွင်းလယ်အားနည်းမှုကို ပြင်ဖို့ မေဘရီအစား အဲရစ်ဆန်ကို ထည့်သွင်းလာခဲ့သလို ဘောလုံးဖြန့်ပုံနဲ့ ခင်းကျင်းပုံတွေမှာ တိုးတက်လာခဲ့ပေမယ့် ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖြုန်းတီးမှုတွေကြောင့် အလုပ်သိပ်မဖြစ်ခဲ့ပါဘူး။
ပွဲချိန် ၆၇ မိနစ်မှာတော့ မန်ယူတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဂါလာတာစာရေးတို့ နောက်ပြန်ပေးတာကို တိုင်မင်မှားပြီး ချော်လဲခဲ့တဲ့ ဒေဗင်ဆင် ဆန်ချက်ဇ်ကြောင့် ဟွိုင်လန်းက ဘောလုံးကို ဧရိယာထဲ အထိ တောက်လျှောက်ဆွဲပြေးနိုင်ခဲ့ပြီး တစ်ဖက်နောက်ခံလူ ဘာဒက်ချီ လိုက်ဆွဲနေတဲ့ကြားက ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ အသာလေး မ ကာ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ပွဲချိန် ၇၁ မိနစ်မှာတော့ ဂါလာတာစာရေးတို့ နှစ်ဂိုးစီဖြစ်စေမယ့် ချေပဂိုးကို ထပ်မံရယူသွားခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ လက်ပစ်ဘောကနေ အီကာဒီက တစ်ချက်ထိန်းပြီး ညာတောင်ပံကို ခင်းပေးခဲ့ရာမှာ လူစားဝင်ကစားသမား ယီလ်မက်ဇ်က ဧရိယာထဲအထိ ဆွဲပြေးပြီး ဂိုးရှေ့ကို အနိမ့်ဘော ချိုးပေးတဲ့ ဘောလုံးကို အက်ခ်တာ့ကိုးလူးက အိုနာနာရဲ့ ညာဘက်ကို ကန်သွင်းရယူသွားခဲ့တာပါ။
မန်ယူတို့ဘက်က ရက်ရှ်ဖို့ဒ်အစား ဂါနာချိုနဲ့ ဂါလာတာစာရေးတို့ဘက်က ဇာဟာအစား မာတန်းစ်တို့ကို လဲကစားခဲ့ပြီး ပွဲချိန် ၇၇ မိနစ်မှာတော့ အိုနာနာ လူပေးမှားတာကို ပွဲတိုင်းကျော် ကာစီမီရိုက နောက်က လိုက်ဖျက်ရင်း ဧရိယာထဲမှာ မာတန်းစ်ကို ဘောလုံးမထိဘဲ ခြေပဲ ချိတ်မိလို့ ဒုတိယ အဝါနဲ့ အထုတ်ခံရပြီး ပင်နယ်တီပါ ပေးခဲ့ရပေမယ့် ဧည့်သည်တိုက်စစ်မှူး အီကာဒီက ဘေးကို ချော်ကန်သွားခဲ့ပါတယ်။
ပွဲချိန် ၈၁ မိနစ်မှာတော့ အီကာဒီက သူ့အမှားကို ပြန်လည်ချေဖျက်သွားခဲ့ပြီး ဂါလာတာစာရေးတို့အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့သလို ဒီဂိုးကိုတော့ ခံစစ်ကနေ ဒေဗင်ဆင် ဆန်ချက်ဇ် ခေါင်းတိုက်ချပေးတာကို မန်ယူနောက်တန်းက မဖျက်ဘဲ လူကျွံဘောဖမ်းရာမှာ ဒလန်ရုပ်နဲ့ အမ်မရာဘတ် တစ်ယောက်တည်း ကျန်နေခဲ့လို့ ထောင်ချောက်ပျက်ခဲ့ရအပြီးမှာတော့ အိုနာနာကို အသာလေးကျော်သွင်းသွားခဲ့တာပါ။
ဒီဂိုးမှာ လူကျွံထောင်ချောက်မှာ မပါဝင်ဘဲ ကျန်နေခဲ့တာက အငှားကြေးကြီးကြီးနဲ့ ဖီအိုရင်တီးနားကနေ ခေါ်ထားတဲ့ အမ်မရာဘတ်ဖြစ်နေခဲ့သလို ပိုဆိုးတာကတော့ ဒေဗင်ဆင် ဆန်ချက်ဇ် ခေါင်းတိုက်ချတဲ့ ဘောလုံးကို ကန်တင်ပေးခဲ့တာကလည်း ဘယ်နောက်ခံ ကစားနေတဲ့ သူပဲဖြစ်နေတာကြောင့် ပရိသတ်တွေ စိတ်ပျက်ခဲ့ရပြီး တန်ဟတ်ရဲ့ ခံစစ်ပိုင်း တည်ဆောက်မှုကလည်း စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။
လက်ကျန်ပွဲချိန်တွေမှာတော့ အမ်မရာဘတ်နဲ့ မေဆန်မောင့်တို့အစား မာစီယယ်လ်နဲ့ အန်တိုနီတို့ ဝင်ကစားခဲ့ပေမယ့် ဂါလာတို့ကလည်း တစ်ယောက်အသာနဲ့ ခံစစ်သမားတွေကိုပါ ထပ်ထည့်ပြီး ထိန်းကစားသွားခဲ့တာကြောင့် အိမ်ကွင်းမှာ မန်ယူတို့ သုံးဂိုး-နှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။
ဒါကြောင့် ယူနိုက်တက်ဟာ အုပ်စု(အေ)မှာ ငါးဂိုးသွင်း ခုနစ်ဂိုးပေးရပြီး နှစ်ပွဲရှုံးရလဒ်နဲ့ တစ်မှတ်မှ မရဘဲ အခြေအနေ ဆိုးနေပြီ ဖြစ်ပါတ်ယ။