မန်ယူ ချန်ပီယံလိဂ် အုပ်စုကနေ တက်နိုင်သေးတယ် လို့ ဆိုလိုက်ပြီး ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ကြုံးဖို့ ပြင်ထားတဲ့ နည်းပြ တန်ဟက်

အင်္ဂါနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂါလာတာစာရေးကို ၂-၃ ဂိုးဖြင့်ရှုံးနိမ့်ကာ အုပ်စု A အမှတ်ပေးဇယား အောက်ဆုံး နေရာဆီ ရောက်ရှိသွားပေမယ့် မန်ချက်စတာယူနိုက်တက်မှာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ဖို့ အခွင့်အရေး ရှိနေဆဲပဲလို့ နည်းပြတန်ဟက်က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ကို ၄-၃ နဲ့ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်က ယခုပွဲစဉ်မှာလည်း မနိုင်ခဲ့ပြန်တာကြောင့် အခုထိ ရမှတ် တစ်မှတ် မှ မရရှိသေးပါဘူး။

တူရကီချန်ပီယံ ဂါလာတာစာရေး ကို တိုက်စစ်မှူးဟွိုက်လန်းရဲ့ သွင်းဂိုးတွေနဲ့ ၂ ကြိမ်တိုင်တိုင်ဦးဆောင်နိုင်ခဲ့ပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ပေးရကာ ရှုံးနိမ့်ခဲ့ရတာပါ။

ဂါလာတာစာရေးအတွက်သွင်းဂိုးတွေကို ယူနိုက်တက် ကစားသမားဟောင်း ဇာဟာနဲ့အတူ အက်ခ်တာကိုဂလူ၊ အီကာဒီတို့က သွင်းယူပေးခဲ့ပါတယ်။

အခုရာသီအဖွင့်ကာလမှာပဲ ပြိုင်ပွဲစုံခြောက်ပွဲအထိ ရှုံးနိမ့်ထားတဲ့ ယူနိုက်တက်နဲ့ပတ်သက်လို့ တန်ဟက်က ချန်ပီယံလိဂ် နောက်တစ်ဆင့်ကို တက်ရောက်နိုင်ပါသေးတယ်လို့ ဆိုခဲ့ပါတယ်။

“ကျွန်တော်တို့မှာ အခွင့်အရေးရှိနေဆဲပါ။ ကျွန်တော်တို့ နောက်ထပ် ၄ ပွဲကစားဖို့ကျန်နေသေးပြီး ကိုပင်ဟေဂင်နဲ့ ၂ ပွဲ ကစားရဦးမှာပါ။ ပွဲတိုင်းက ခက်ခဲပေမယ့် ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာ သိပါတယ်။

ကျွန်တော်တို့ လိုချင်တာကိုလည်း သိပါတယ်။ ပြီးတော့ အဲဒီအုပ်စုမှာဆက်ရှိနေဖို့နဲ့ ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေးရှိနေဆဲ ဖြစ်ပါတယ်” လို့ TNT Sports နဲ့ အမေးအဖြေမှာ ပြောဆိုပါတယ်။

ဆက်လက်ပြီး ဒတ်ချ်လူမျိုးနည်းပြက “ကျွန်တော်တို့ လာမယ့်ပွဲစဉ်အတွက် စွမ်းအားတွေ ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ဒီနေ့ပွဲစဉ်အရေးနိမ့်မှုက လာမယ့်စနေနေ့ပွဲစဉ်အတွက် လောင်စာဖြစ်လာရပါမယ်” လို့ ဆိုပါတယ်။

ယူနိုက်တက်ဟာ ပြည်တွင်းပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ရလဒ်ကောင်းရရှိဖို့ ရုန်းကန်နေရပြီး ၁၉၈၉-၉၀ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးသော ပရီးမီးယားလိဂ်ရာသီသစ်စတင်မှုနဲ့ ကြုံတွေ့ထားရပါတယ်။

ပြီးခဲ့တဲ့စနေနေ့၊ ခရစ္စတယ်ပဲလေ့စ်ကို ဝ-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်ဟာ ယူနိုက်တက်အတွက် ယခုရာသီ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၄ ပွဲမြောက်ရှုံးနိမ့်မှုဖြစ်လာခဲ့ပါတယ်။ လာမယ့်စနေနေ့ မှာတော့ ဘရန့်ဖို့ဒ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ် ရှိနေပြီး ထိုပွဲမှာ ပြန်ရုန်းထနိုင်ဖို့ တန်ဟက်က မျှော်လင့်နေပါတယ်။