ဟွိုင်လန်းအား မန်ယူ ဂန္တဝင် တိုက်စစ်မှုးကြီး နဲ့ အားရစွာ နှိုင်းယှဉ်ချီးကျူးသွားတဲ့ ပေါစခိုးလ်

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကစားသမား ပေါလ် စခိုးလ်က ဒီရာသီမှာ ယူနိုက်တက် အတွက် ချန်ပီယံလိဂ်သွင်းဂိုး ၃ဂိုး အထိ သွင်းယူပေးထားတဲ့ လူငယ်တိုက်စစ်မှူး ဟွိုင်လန်း အား သူ့ရဲ့ အသင်းဖော်ဟောင်း နစ္စတယ်ရွိုင်းနဲ့ နှိုင်းယှဉ် ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဒိန်းမတ် လက်ရွေးစင် လူငယ်တိုက်စစ်မှူး ဟွိုင်လန်း က ပြီးခဲ့တဲ့ နွေဈေးကွက် ကုန်ခါနီးမှာ အတ္တလန်တာ ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

ယူနိုက်တက်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အခြေအနေ မကောင်းပေမယ့် ဟွိုင်လန်းကတော့ …

ဟွိုင်လန်းကတော့ ချန်ပီယံလိဂ်ပွဲ ၂ပွဲမှာ သွင်းဂိုး ၃ဂိုး အထိ သွင်းယူကာ ခြေစွမ်းကောင်းတွေ ပြသထားသလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းကို ဦးဆောင်ခွင့် ရထားပါတယ်။

အင်္ဂါနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂-၃ ဂါလာတာစာရေး ပွဲစဉ်မှာ ဟွိုက်လန်းက ယူနိုက်တက်ရဲ့ သွင်းဂိုး ၂ဂိုးစလုံးကို တဦးထဲ သွင်းယူပေးခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ ပေါလ်စခိုးလ်ကတော့ ဟွိုင်လန်း ဟာ နစ္စတယ်ရွိုင်းနဲ့ ဆင်သလို ယူနိုက်တက် အတွက် အားကိုးရမယ့် တိုက်စစ်မှူး ဖြစ်ကြောင်း ဆိုလာပါတယ်။

ပေါလ်စခိုးလ်က – “ကျွန်တော်ကတော့ ဟွိုက်လန်းရဲ့ ကစားပုံကို ကြည့်ပြီး နစ္စတယ်ရွိုင်းကို ပြေးမြင်မိပါတယ်။ သူ့မှာ နစ္စတယ်ရွိုင်းလို အရည်အသွေးတွေ ရှိပါတယ်။ သူက ယူနိုက်တက် အတွက် အားထားရတဲ့ ကောင်လေး ဖြစ်လာပါလိမ့်မယ်” လို့ ပြောကာ ဟွိုက်လန်းကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ မျှော်မှန်းထားသလို ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၂ပွဲ ကစားထားရာ ၂ပွဲစလုံးကို ရှုံးနိမ့်ထားကာ နောက်တဆင့်ဆီ တက်နိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရတော့မှာပဲ ဖြစ်ပါတယ်။