ဂရေဟမ် ပေါ်တာ၊ ဆောက်ဂိတ် တို့ပါ ပါဝင်နေတဲ့ တန်ဟက် နေရာ ဆက်ခံမယ့် မန်ယူ နည်းပြလောင်း စာရင်း

မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက် ရာထူးက အထုတ်ခံရရင် သူ့နေရာကို အစားဝင်ဖို့ ရေပန်းစားသူတွေ ထဲမှာ ထူးထူးခြားခြားအဖြစ် ချယ်ဆီးနည်းပြဟောင်း ဂရေဟမ်ပေါ်တာ ပါဝင်နေပါတယ်။

ယူနိုက်တက်အသင်းဟာ ဂါလာတာစာရေးကို ၃-၂ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒီရာသီ ပြိုင်ပွဲစုံ ၁၀ ပွဲကစားပြီးချိန်မှာပဲ ၆ ပွဲမြောက် ရှုံးပွဲနဲ့ ရင်ဆိုင် ခဲ့ရတာကြောင့် အဲရစ်တန်ဟက်အတွက် ဖိအားတွေ ပိုများလာပါတယ်။

ချန်ပီယံလိဂ် အုပ်စုအဖွင့် ၂ ပွဲကစားပြီးချိန်မှာ ယူနိုက်တက်တို့ ဘဲဥ မကွဲသေးဘဲ အုပ်စုနောက်ဆုံးအဖြစ် ရပ်တည် နေပြီး နောက်တစ်ဆင့် တက်ဖို့ မသေမချာဖြစ်နေပါပြီ။

ဒါ့အပြင် ပရီးမီးယားလိဂ်မှာလည်း ယူနိုက်တက်အသင်း အခြေအနေမကောင်းသလို ရာသီအစပိုင်းမှာပဲ ချန်ပီယံ မျှော်လင့်ချက် အဆုံးသတ်သွားပြီး အခုလောလောဆယ် ရမှတ် ၉ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

နာမည်ကျော် Sky bet ဘွတ်ကီဝက်ဘ်ဆိုက်ရဲ့ အလေးပေးချက်အရ ဒီရာသီ ပရီးမီးယားလိဂ်မှာ ရာထူးက ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး နည်းပြတွေထဲမှာ အဲရစ်တန်ဟက်က ဒုတိယမြောက် ဖြစ်နေပြီး ယူနိုက်တက် ပရိသတ်တချို့ကလည်း အဲရစ်တန်ဟက်ဟာ သူတို့အသင်းကို အောင်မြင်မှုရအောင် ဦးဆောင်နိုင်မဲ့ နည်းပြ ဟုတ်ပါ့မလားဆိုတာ မေးခွန်းထုတ်လာပါပြီ။

အဲရစ်တန်ဟက်သာ ရာထူးက အထုတ်ခံရမယ်ဆိုရင် သူ့နေရာကို အစားဝင်မယ့် နည်းပြအတွက် ဘွတ်ကီဒိုင်တွေက လောင်းကြေးဖွင့်လှစ်ထားပြီး ဂရေဟမ်ပေါ်တာက စတုတ္ထမြောက် ရေပန်းအစားဆုံးဖြစ်နေပါတယ်။

အသက် ၄၈ နှစ် အရွယ်ရှိပြီဖြစ်သူ ဂရေဟမ်ပေါ်တာဟာ ဘရိုက်တန်အသင်းကို ပရီးမီးယားလိဂ် အလယ်အလတ် အဆင့် စာရင်းဝင်ဖြစ်အောင် စွမ်းဆောင်ခဲ့ပြီး မနှစ်က ချယ်လ်ဆီးအသင်းဆီ ရောက်ရှိချိန်မှာတော့ စိတ်ပျက်စရာ ရလဒ်တွေနဲ့ရုန်းကန်ခဲ့ရသလို ၇ လအကြာ၊ အခုနှစ် ဧပြီလမှာပဲ ရာထူးက အထုတ်ခံခဲ့ရပါတယ်။

နာမည်ကြီးဘွတ်ကီဒိုင် တစ်ခုဖြစ်တဲ့ paddy power က ယူနိုက်တက်နည်းပြသစ် ဂရေဟမ်ပေါ်တာ ဖြစ်လာဖို့အတွက် လောင်းကြေးအဖြစ် ၁၀ လေး/၁ လေး ဖွင့်လှစ်ထားပါတယ်။

ယူနိုက်တက်နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစား သူတွေထဲမှာ ဒီဇာဘီ၊ နာဂယ်လ်စမန်း၊ ဇီဒန်း၊ ဆောက်ဂိတ်၊ ပေါ်တာ တို့အပြင် ယူနိုက်တက်အသင်းကို ယာယီကိုင်တွယ်ခဲ့သူ ဂန္ထဝင်ကစားသမား ကာရစ်လည်း ပါဝင်နေပါတယ်။