မန်ယူက ကစားသမားတွေနဲ့ နည်းပြတွေ ဘဝ အဆုံးသတ်ရာ သင်္ချိုင်း တစ်ခု ဖြစ်လာနေပြီ လို့ ရက်ရက်စက်စက် ပြောချလိုက်တဲ့ နဗီး
မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင်နောက်ခံလူ ဂယ်ရီနဗီးလ်က ဖိအားတွေနဲ့ ရင်ဆိုင်နေရတဲ့ နည်းပြ အဲရစ်တန်ဟက် အတွက် ကိုယ်ချင်းစာ၊ စာနာနေပြီး ယူနိုက်တက်အသင်းဟာ နည်းပြတွေနဲ့ ကစားသမားတွေ ကျရှုံးရာ သင်္ချိုင်း တစ်ခုလိုဖြစ်နေပြီလို့ သုံးသပ် ပြောဆိုခဲ့ပါတယ်။ ယူနို
မန်ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲမှာ ဂါလာတာစာရေးကို ၃-၂ ဂိုးနဲ့ရှုံးနိမ့်ခဲ့သလို အဲဒီမတိုင်ခင် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာလည်း ၁-၀ ဂိုးနဲ့ရှုံးခဲ့တာကြောင့် အိမ်ကွင်း ၂ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့ပါတယ်။
ဒီလို ရလဒ် ဆိုးတွေကြောင့် နည်းပြအဲရစ်တန်ဟက်အပေါ် ဖိအားတွေ ပိုများလာပြီး ယူနိုက်တက်ပရိသတ်တချို့ကလည်း အဲရစ် တန်ဟက်ဟာ သူတို့အသင်း အောင်မြင်မှုရအောင် ဦးဆောင်ပေးနိုင်မဲ့ နည်းပြမှ ဟုတ်ရဲ့လားလို့ စတင်မေးခွန်းထုတ်နေကြပါပြီ။

အခုအချိန်မှာ အဲရစ်တန်ဟက်ရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ ခန့်မှန်းသတင်းတွေ ထွက်ပေါ်လာပြီး ဘွတ်ကီဒိုင်တွေ ကလည်း ယူနိုက်တက်နည်းပြသစ်ဖြစ်လာနိုင်သူတွေကို လောင်းကြေး ဖွင့်လှစ်နေပြီဖြစ်ပါတယ်။
အဲဒါကြောင့် ဂယ်ရီနဗီးလ်က ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ အဲရစ်တန်ဟက်အတွက် စိတ်မကောင်း ဖြစ်နေပြီး သူ့ အသင်းဟောင်းက နည်းပြတွေနဲ့ဘောလုံသမားတွေအတွက် သချုႋင်းတစ်ခုလိုဖြစ်နေပြီလို့ ဆိုခဲ့ပါတယ်။
ဂယ်ရီနဗီးလ်က “အဲရစ်တန်ဟက်အတွက် ကျွန်တော် တကယ်စိတ်မကောင်းဖြစ်မိပါတယ်။ လူအများစုက အဲရစ်တန်ဟက် အနေနဲ့ အခုထက် ပိုကောင်းအောင် စွမ်းဆောင်ပြသင့်တယ်လို့ တောင်းဆိုနေကြပေမဲ့ ကလပ် အသင်းတွင်းမှာလည်း ကြီးမားတဲ့ ပြဿနာတွေ အများကြီးရှိနေပါတယ်။
ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်း နည်းပြတွေဟာ အဲဒီပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ အဲဒီပြဿနာတွေကို မဖြေရှင်းနိုင် မချင်း အခုလို စိတ်ပျက်စရာအသင်း၊ ကစားသမားတွေရဲ့ စိတ်ပျက်စရာ ခြေစွမ်းကို ဆက်လက်မြင်တွေ့နေရဦးမှာပါ။ ယူနိုက်တက်အသင်းဟာ နည်းပြတွေနဲ့ကစားသမားတွေအတွက် သချုႋင်းတစ်ခုလိုဖြစ်နေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။
တန်ဟက်ဟာ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်အသင်းအတွက် ကာရာဘောင်း ဖလား ချန်ပီယံဆုရယူပေးခဲ့ပြီး ၆ နှစ်ကြာ ဖလားလက်မဲ့ ဖြစ်နေတဲ့ မှတ်တမ်းဆိုးကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ဒီရာသီမှာတော့ အဲရစ်တန်ဟက်ရဲ့ ယူနိုက်တက် အသင်းဟာ မထင်မှတ်လောက်အောင် ခြေစွမ်းပိုင်း၊ ရလဒ်ပိုင်း ကျဆင်းသွားပြီး ပရီးမီးယားလိဂ် ၇ ပွဲကစား၊ ၄ ပွဲရှုံးခဲ့သလို ပြိုင်ပွဲစုံမှာလည်း ၁၀ ပွဲကစားပြီးချိန်မှာ ၆ ပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။